ဒေသ စံတော်ချိန် ယခုလ ၁၁ရက်နေ့က အမေရိကန် သမ္မတသည် ချိပ်ပိတ်ထားသော အမေရိကန်တွင် ရှိသည့် အာဖဂန်ဗဟိုဘဏ်၏ ငွေပင်ငွေရင်းနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ခဲ့ရာ ယင်းကန်ဒေါ်လာ ၇ဘီလီယံခန့်ရှိသည့် ငွေရင်းကို အပိုင်း၂ပိုင်း ခွဲခြားရန် စီစဉ်ထားကြောင်း၊ တစ်ဝက်ကို “9·11”အရေးအခင်းတွင် ဒုက္ခခံရသူများအား လျော်ကြေး အဖြစ် ပေးအပ်မည် ဖြစ်ကြောင်း၊ နောက်တစ်ဝက်ကိုတော့ တာလီဘန် အစိုးရ၏ ပါဝင်ဆောင်ရွက်မှု မရှိစေဘဲ အာဖဂန် ပြည်သူများအား အမေရိကန်မှ “ကူညီထောက်ပံ့မှု”ဆိုသည်ကို ပေးအပ်မည် ဖြစ်ကြောင်း ဖော်ပြသည်။ အာဖဂန် ပြည်သူများ၏ အသက်ကယ်ဆယ်ရန် အပူတပြင်း လိုအပ်သောငွေကို အမေရိကန် အစိုးရက မထင်မှတ်ဘဲ အကြီးအကျယ် အပိုင်စီးခြင်းသည် ပြောင်ပြောင်တင်းတင်း လုယက်ခြင်းပင် ဖြစ်ပြီး အမေရိကန် ဗိုလ်ကျလွှမ်းမိုးရေး အာဏာနှင့် ဓါးပြ၏ အတွင်းသရုပ်ကို ပေါ်လွင်လာစေခဲ့ကြောင်း China Media Groupက ဖော်ပြသည်။
လွန်ခဲ့သည့် ၂၀၂၁ခုနှစ် သြဂုတ်လ ဒုတိယ ဆယ်ရက်ပိုင်းက တာလီဘန် လက်နက်ကိုင်အဖွဲ့ ကဘူးလ်မြို့တော်ကို ဝင်ရောက် ထိန်းချုပ်ပြီးနောက် အမေရိကန် အစိုးရသည် ပင်လယ်ရပ်ခြားရှိ အာဖဂန် ဗဟိုဘဏ်၏ ငွေရင်းများကို ချက်ချင်း ချိပ်ပိတ်ခဲ့ကြောင်း၊ ယင်းငွေရင်းထဲတွင် အမေရိကန်၌ ရှိသော ကန်ဒေါ်လာ ၇ဘီလီယံခန့် ပါဝင်ကြောင်း၊ ယင်းငွေရင်းကို အာဖဂန် ပြည်သူများက ပိုင်ဆိုင်ခြင်း ဖြစ်၍ အမေရိကန်သည် မည်သည့် ပုံစံဖြင့် မဆို အသုံးပြုပိုင်ခွင့် မရှိကြောင်း၊ အာဖဂန် ပြည်သူများ၏ ငွေရင်းကို အမေရိကန်က အပိုင်စီးခြင်း၏ အဓိက အကြောင်းရင်းများတွင် အမေရိကန် အစိုးရက ကိုဗစ် ၁၉ ကပ်ရောဂါ ထိရောက်စွာ မထိန်းချုပ်နိုင်ခြင်း၊ အမေရိကန် ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းနှင့် အမေရိကန် အစိုးရ အပေါ် ပြည်သူများ၏ ထောက်ခံမှုနှုန်း တစ်ရှိန်ထိုး ကျဆင်းလာခြင်း စသည်များ ပါဝင်ကြောင်း China Media Groupက ဖော်ပြသည်။
ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စူပါနိုင်ငံကြီး ဖြစ်သည့် အမေရိကန် နိုင်ငံက အာဖဂန် ပြည်သူများ၏ အသက်ကယ်ဆယ်ငွေကို အကြီးအကျယ် အပိုင်စီးခြင်းသည် အလွန် ရှက်ဖွယ်ကောင်းကြောင်း၊ ကမ္ဘာပေါ်တွင် တရားမျှတမှုကို စွဲကိုင်သော ပြည်သူများသည် အမေရိကန် အစိုးရ၏ ဗိုလ်ကျစိုးမိုးမှု ဝါဒ ကျင့်သုံးခြင်းကို ရှင်းရှင်းလင်းလင်း သိမြင်သင့်သည့် အပြင်၊ နည်းလမ်းမျိုးစုံဖြင့် ယင်းသို့ ဓါးပြ လုပ်ရပ်မျိုးကို ပြစ်တင်ရှုတ်ချပြီး တုံ့ပြန်မှုကို ပြုလုပ်ကာ လူသားတို့၏ ယေဘုယျ တန်ဖိုးအမြင် ဖြစ်သည့် လူ့အခွင့်အရေးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်၍ ကူညီပံ့ပိုးမှုကို အပူတပြင်း လိုအပ်သော အာဖဂန် ပြည်သူများအား ထိရောက်တိကျစွာ ကူညီထောက်ပံ့သင့်ကြောင်း China Media Groupက ဖော်ပြသည်။