တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ဖေဖော်ဝါရီလ ၅ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဧည့်ခံပွဲကို ကျင်းပပြီး ပီကင်းဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သော နိုင်ငံတကာ ဧည့်သည်တော်များကို ကြိုဆိုခဲ့ကြပါသည်။
ရှီကျင့်ဖိန်က ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စား ကြွရောက်လာကြသော ဧည့်သည်တော်များကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ဂရုစိုက်အားပေးကြသော နိုင်ငံအသီးသီးမှ အစိုးရများ၊ ပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို စိတ်ရင်းသန့်သန့်ဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က မိမိတို့သည် အိုလံပစ်အားကစားပြိုင်ပွဲ၏ မူရင်းစိတ်ဓါတ်ကို စွဲစွဲမြဲမြဲ မှတ်ထားပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို အတူထိန်းသိမ်းကာ အပြန်အလှန် လေးစားရေးနှင့် တန်းတူညီမျှစွာ ဆက်ဆံရေးကို စွဲကိုင်၍ ရေရှည် ငြိမ်းချမ်းသော ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
ကမ္ဘာ့အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဘာဟ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့သည် မိန့်ခွန်း အသီးသီးပြောကြားခဲ့ပါသည်။ ၄င်းတို့သည် နိုင်ငံတကာဧည့်သည်တော်များကို ကိုယ်စားပြုပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ နွေးထွေးလှိုက်လှဲသော ဧည့်ခံမှုများကို ကျေးဇူးတင်ရှိကြောင်း၊ ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပခြင်းကို ထောမနာ ပြုပါကြောင်း ပြောကြားခဲ့ပါသည်။