辛甜

နှစ် ၈၀ ပြည့် ချစ်သော CRI သို့ အလင်္ကာအလွမ်းမှတ်တမ်း

(GMT+08:00)2021-12-03 09:32:55  

 နှစ် ၈၀ ပြည့် ချစ်သော CRI သို့ အလင်္ကာအလွမ်းမှတ်တမ်း_fororder_1203

     ရေဒီယို ပရိသတ်တစ်ဦးက အစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ ကျွန်မဟာ တစ်ခါက CRI မြန်မာပိုင်းအစီအစဉ်ရဲ့ စီစဉ်ထုတ်လွှင့်မှုအစီအစဉ်တွေကို ရေဒီယိုလေးနဲ့ အမှတ်မထင် နားထောင်မိရာကနေ အခုဆို CRI မြန်မာပိုင်းအစီအစဉ်ရဲ့ အစီအစဉ် တင်ဆက်သူ တစ်ဦး ဖြစ်လို့နေပါပြီ။ အခုဆို တရုတ်နိုင်ငံကို ကျွန်မရောက်ရှိနေတာ သုံးနှစ်ပြည့်ခဲ့ပါပြီ။ တစ်ကယ်တော့ CRI မြန်မာပိုင်းအစီအစဉ်နဲ့ ကျွန်မရဲ့တွေ့ဆုံမှုကို ပြန်ပြောင်းပြောရမယ်ဆိုရင် မှော်ဆန်တဲ့ တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်။

      လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလကပေါ့။ တစ်နေ့ ကျွန်မ အလုပ်ကနေ ပြန်လာတဲ့အချိန် အိပ်ရာ အနီးမှာရှိတဲ့ ရေဒီယိုလေးကို ဖွင့်လိုက်မိတယ်။ အဲ့ဒီမှာ အမှတ်မထင်ဘဲ CRI မြန်မာပိုင်း အစီအစဉ်ကို ကျွန်မ နားထောင်မိသွားတယ်။ စကားသံဝဲ၀ဲလေးနဲ့ မြန်မာစကားပြောပြီး ထုတ်လွှင့်နေတဲ့ ရေဒီယိုမှာ တရုတ်ပြည် ဆိုင်ရာ အကြောင်းအရာတွေကို မိတ်ဆက်ပေးတာတွေ၊ နေ့စဉ်တရုတ်စကားပြောအစီအစဉ်တွေနဲ့ ပဟေဠိ အစီအစဉ်တွေက ကျွန်မကို ဆွဲဆောင်မှုဖြစ်စေတယ်။ အဓိကကတော့ ပြိုင်ပွဲတွေဝင်ပြိုင်ရတာကို သဘောကျတဲ့ ကျွန်မအတွက် CRI မြန်မာပိုင်းအစီအစဉ်ကမေးတဲ့ ပဟေဠိမေးခွန်းလေးတွေကို ဖြေဆိုဖို့ လုပ်ရာကနေ ကျွန်မဟာ CRI မြန်မာပိုင်း အစီအစဉ်ရဲ့ Fan Club အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့တယ်လို့ ပြောလို့ ရတယ်။ အဲ့ဒီတုန်းက CRI ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကျွန်မဆီ CRI မြန်မာပိုင်း အစီအစဉ်ကနေ ပေးပို့လာတဲ့ နှစ်သစ်ကူးလက်ဆောင် ကတ်ပြားလေးတွေ၊ အမှတ်တရဆုလက်ဆောင်တွေ တစ်နှစ်တစ်ခါ တရုတ်နိုင်ငံကနေ ကျွန်မဆီ ရောက်လို့ လာတတ်ပါတယ်။ အခုထိလည်း အဲ့ဒီလက်ဆောင် ကတ်ပြားလေးတွေ ကျွန်မဆီမှာ အမှတ်တရရှိလို့ နေပါသေးတယ်။

      တစ်နေ့တော့ CRI မြန်မာပိုင်းအစီအစဉ်က မြန်မာနိုင်ငံမှာ တရုတ်-မြန်မာ ချစ်ကြည်ရေး ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပမယ့်အကြောင်း၊ မည်သူမဆို ကဗျာပေးပို့ပြီး ပါဝင်ယှဉ်ပြိုင်နိုင်တဲ့အကြောင်း မြန်မာ သတင်းစာ ထဲမှာ ကြေညာထည့်လာတာ ကျွန်မတွေ့လိုက်ရတယ်။ ကျွန်မကိုယ်တိုင်ကလည်း CRI မြန်မာပိုင်း အစီအစဉ်ရဲ့ အမာခံပရိသတ်ဖြစ်တာကြောင့် ဒီကဗျာပြိုင်ပွဲကို ၀င်ပြိုင်မယ်လို့တွေးပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဖော်ဆောင်တဲ့ ကဗျာလေးတစ်ပုဒ်ကို ကာရံနဘေကျကျ ရေးစပ်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ CRI နဲ့ကျွန်မရဲ့ မှော်ဆန်သော ဆုံဆည်းမှုလို့ပဲ ပြောရမလားပါပဲ။ အဲ့ဒီပြိုင်ပွဲမှာ မြန်မာတစ်ပြည်လုံး ပါဝင်ယှဉ်ပြိုင်ကျတဲ့ ကဗျာအပုဒ်ရေပေါင်းများစွာထဲမှာ ကျွန်မကဗျာလေးက အကောင်းဆုံးကဗျာအပုဒ် ၂၀ စာရင်းထဲမှာ ပါဝင် ခဲ့တယ်။ ကျွန်မအတွက် ပိုပြီး အမှတ်တရဖြစ်ရတာက အဲ့ဒီအချိန်တုန်းက ကျွန်မဟာ ကျွန်မရဲ့ သားဦးလေးကို မွေးဖွားပြီးကာစပဲ ရှိပါသေးတယ်။ သားဦးလေးမွေးဖွားပြီးကာစမှာ တရုတ်-မြန်မာချစ်ကြည်ရေး ကဗျာပြိုင်ပွဲမှာ ဆုရတယ်ဆိုတော့ ဒီဆုက ကျွန်မအတွက် ကံကောင်းစေတဲ့ဆု၊ ကောင်းခြင်းတွေကို ယူဆောင်လာတဲ့ ဆုလို့ ပြောလို့ရပါတယ်။

      CRI မြန်မာပိုင်းအစီအစဉ်နဲ့ ကျွန်မတို့ရဲ့ မှော်ဆန်သောဆုံဆည်းမှုက ဒီမှာတင်မပြီးသေးပါဘူး။ အဲ့ဒီနောက်ပိုင်း CRI မြန်မာပိုင်းအစီအစဉ်က ကျွန်မတို့အလုပ်လုပ်နေတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံ မီဒီယာ ပူးပေါင်းဖလှယ်မှုအရ အသံလွှင့်ဝန်ထမ်းများ အပြန်အလှန် စေလွှတ်တဲ့ အစီအစဉ်ရဲ့ ဒုတိယအသုတ်မှာ ကျွန်မက အသံလွှင့်ကျွမ်းကျင်ပညာရှင်အဖြစ် တရုတ်နိုင်ငံကိုသွားရောက်ပြီး CRI မြန်မာပိုင်းအစီအစဉ်မှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပါတော့တယ်။ ဒီလိုနဲ့ တရုတ် နိုင်ငံ ကိုရောက်လာပြီး CRI မြန်မာပိုင်းအစီအစဉ်မှာ ကျွန်မ ၂ နှစ်ကြာ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင် ခဲ့တယ်ပေါ့။ ဒါနဲ့ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ မူလက စာချုပ်ချုပ်ထားတဲ့ ၂ နှစ်ကြာ လုပ်ငန်း တာဝန်ထမ်းဆောင်မှု ၂ နှစ်ပြည့်မြောက်ချိန်မှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် CRI မြန်မာပိုင်းအစီအစဉ်က နောက်ထပ် ၁နှစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ကျွန်မကို ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ CRI မြန်မာပိုင်းအစီအစဉ်မှာ နောက်ထပ်  ၁ နှစ် ကျွန်မ အလုပ်လုပ်ခွင့် ရခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သက်တမ်းတိုး တာဝန်ထမ်းဆောင်မှု ၁ နှစ် ပြည့်တဲ့အချိန် မြန်မာနိုင်ငံကို ပြန်တော့မယ်ဆိုတဲ့အချိန်မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်တာကြောင့် လုပ်ငန်းလိုအပ်ချက်အရ CRI မြန်မာပိုင်းအစီအစဉ်မှာ နောက်ထပ် ၁ နှစ် တာဝန် ထမ်းဆောင်ဖို့ ထပ်ဖြစ်လာပြန်ပါတယ်။ အနှစ်ချုပ်ရမယ်ဆိုရင် မူလက ၂ နှစ်စာချုပ်နဲ့လာခဲ့တဲ့ ကျွန်မက CRI မြန်မာပိုင်းအစီအစဉ်မှာ နောက်ထပ် ၂ နှစ်ကြာ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာက မှော်ဆန်သော ဆုံဆည်းမှုတစ်ခုလို့ပင် ပြောလို့ရပါတယ်။ ဒီဆုံဆည်းမှု တွေကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်သလို ဒီအကြောင်းတွေကို ပြန်ပြောင်းပြောပြရတာဟာလည်း ကျွန်မအတွက် တကယ့်ကို ဂုဏ်ယူစရာ ဖြစ်ရပါတယ်။

တစ်ချိန်က CRI မြန်မာပိုင်းအစီအစဉ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့တဲ့ကျွန်မ အခုတော့ CRI မြန်မာပိုင်း အစီအစဉ်ရဲ့ စီစဉ်တင်ဆက်သူတစ်ဦး ဖြစ်နေပါပြီ။ တရုတ်နိုင်ငံမှာ နေစဉ်အတွင်း တရုတ်ပြည်အနှံ့ ယူနန်၊ ရှီးဇန့်(တိဘက်)၊ ရှင်းကျန်း၊ စီချွမ်း၊ ဟိုင်နန်ဒေသတွေကိုလည်း ကျွန်မ ရောက်ဖူးခဲ့ပါပြီ။ တရုတ် မြန်မာချစ်ကြည်ရေးဆိုင်ရာ၊ တရုတ် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေလည်း ကျွန်မများစွာ ရေးဖြစ်ခဲ့ပါပြီ။ တရုတ်အစိုးရက ပေးအပ်ချီးမြှင့်တဲ့ တရုတ်အစိုးရ ချစ်ကြည်ရေးဆုကို လျှောက်ဖို့အတွက်လည်း ဌာနရဲ့ ထောက်ခံမှုကိုလည်း ရရှိခဲ့ပါသေးတယ်။ ကျွန်မ နားဖျာချိန်မှာလည်း ဌာနေ၀န်ထမ်းများက ကျွန်မကို ဂရုစိုက် ပေးကြပြန်ပါတယ်။ အခုဆို ဌာနေ ၀န်ထမ်းများနဲ့ ကျွန်မ မိသားစုလို ဖြစ်လို့နေပါပြီ။ သူတို့အားလုံးက မိသားစုလို နွေးထွေးမှုရှိကြပါတယ်။ မိသားစုလို စောင့်ရှောက်မှု ပေးကြပါတယ်။ တရုတ်နိုင်ငံမှာ နေစဉ်ကာလ ကျွန်မရဲ့ နေ့စဉ်ဘ၀ကို ဖြတ်သန်းရတာ ဘ၀တစ်သက်တာအတွက် အနွေးထွေးဆုံးလို့ ပြောလို့ရပါတယ်။

အခုဆို ကျွန်မအလုပ်လုပ်နေတဲ့ CRI ပါဝင်တဲ့ တရုတ်ပြည်သူ့ နိုင်ငံတကာ အသံလွှင့် လုပ်ငန်း   (China Media Group- CMG) ဟာ ခေတ်မီတဲ့ နည်းပညာများဖြစ်တဲ့ “5G+4K/8K+AI” စနစ်ကို အသုံးပြုပြီး မီဒီယာဆိုင်ရာ ဆန်းသစ် တီထွင် ထုတ်လွှင့်မှုများကို ဆောင်ရွက်လျက်ရှိပါတယ်။  အထူးသဖြင့် CMG ဟာ တရုတ်နိုင်ငံရဲ့ မီဒီယာလုပ်ငန်းကြီးပီပီ မီဒီယာတာဝန်များကိုသာမက တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆောင်ရွက်ချက်များမှာလည်း ပါဝင်အားဖြည့်ကူညီမှုများပေးခဲ့တာတွေ့ရသလို မကြာခင် ကျင်းပ တော့မယ့် ပီကင်းဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာလည်း အိုလံပစ်အားကစားကို ကျယ်ပြန့်စေဖို့၊ ဆက်တိုက် ဖွံ့ဖြိုးစေဖို့၊ ဆက်တိုက်ထုတ်လွှင့်စေဖို့အတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကိုထားရှိဖို့ ကြိုးစား လုပ်ဆောင်လျက် ရှိပါတယ်။ ဒီ့အတွက် တရုတ် သမ္မတရှီကျင့်ဖိန်ကပင် CMG ရဲ့လုပ်ဆောင်မှုအပေါ် သ၀ဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ရုရှား သမ္မတ ပူတင်ကလည်း China Media Group မှ ဥက္ကဋ္ဌ ရှိန့်ဟိုင်ရှုံအား "ချစ်ကြည်ရေးတံဆိပ်" ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။ အဓိကအနေနဲ့ CMG ဟာ ကမ္ဘာ့မီဒီယာများ ဆက်ဆံရေး လျင်မြန်စွာ တိုးတက်လာဖို့၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ဖြစ်ပေါ်လာဖို့၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး လမ်းကြောင်း ဘက်ပေါင်းစုံဝါဒလမ်းကြောင်းကို လျှောက်လှမ်းစေနိုင်ဖို့ ကူးလူးဖလှယ်မှု ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့် ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ဟာ CRI ပါဝင်တဲ့ တရုတ်ပြည်သူ့ နိုင်ငံတကာ အသံလွှင့် လုပ်ငန်း   (China Media Group- CMG) တည်ထောင်ခဲ့တဲ့ နှစ် ၈၀ ပြည့် အခါသမယနေ့ ဖြစ်ပါတယ်။ နှစ် ၈၀ ဆိုတဲ့သက်တမ်းဟာ လူ့သက်တမ်းနဲ့ ပြောရမယ်ဆိုရင် ရင့်ကျက်တည်ငြိမ်တဲ့ အနေအထားတစ်ခုကို ရောက်ရှိလို့ နေပါပြီ။ သက်တမ်း နှစ် ၈၀ ကာလတစ်လျှောက်လုံး CMG ဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ သာမက တရုတ်နိုင်ငံနဲ့  ကမ္ဘာ့နိုင်ငံများအတွက်ပါ မီဒီယာကဏ္ဍ ကနေတစ်ဆင့် ယဉ်ကျေးမှု ကူးလူး ဖလှယ်မှု၊ ပြည်သူများအကြား ချိတ်ဆက်မှု၊ ကမ္ဘာ့ ပြည်သူများနဲ့ တရုတ်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာရေးနဲ့ အပြန်အလှန် နားလည်မှု တိုးမြှင့်ရေးအတွက် ကြီးမားတဲ့ အကျိုးဆောင် မှုများကို စွမ်းစွမ်းတမံကြိုးစား ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ တန်ဖိုးထား ချီးကျူးရမယ့် အနေအထား ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ မီဒီယာကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် နေပါပြီ။ အားကျ အတုယူရပါတယ်။

စဉ်ဆက်မပြတ် တိုးတက်ခေတ်မီ

အားကျလို့စာကိုစီ

နှစ် ၈၀ ပြည့် ချစ်သော

တရုတ်ပြည်သူ့နိုင်ငံတကာ အသံလွှင့် လုပ်ငန်း (CMG)ဌာနကိုဖြင့်

ထာဝရအဆွေကဗျာတွေသီလို့

ကမ္ဘာမြေ ကွယ်ကာပျောက်လေဦးတော့

မဖောက်သစ္စာမြဲခိုင်စွာနှင့်

မေတ္တာဝေ ဆုချွေတောင်းလိုက်မယ်

ကောင်းသတင်း မင်္ဂလာများဖြင့် ပြည့်စေသား

ဆောင်းနှင်းကဗ္ဗလာမြသားဖြင့် အဓွန့်ရှည်ဆပွား။

 

             တစ်ခါက ပရိသတ်တစ်ဦး

            စုသက်မှူး(မရမ်းကုန်း)