马宁

အမေရိကန် ထောက်လှမ်းရေးဌာန၏ “အပြစ်ရှိသည်ဟုမှတ်ယူခြင်း” (presumption of guilty) လုပ်ရပ်သည် တစ်ကမ္ဘာလုံးတွင် လူအများ ကဲ့ရဲ့အတင်းပြောဖွယ်ရာ အကြောင်းအချက်ဖြစ်လာ

(GMT+08:00)2021-08-31 13:20:59  

  အမေရိကန် ထောက်လှမ်းရေးဌာနမှ မကြာခင်က ထုတ်ပြန်ခဲ့သော ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း အစီရင်ခံစာဆိုသည်မှာ ရှင်းလင်းပြတ်သားသော ကောက်ချက်ချခြင်း မရှိကြောင်း၊ ယခုအကြိမ် စုံစမ်းစစ်ဆေးမှုတွင် အောင်ကျိုးရလဒ် ရရှိခြင်းမရှိသည့် အပြစ်ကို တရုတ်ပြည် အပေါ် လွှဲချကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြသည်။ ထို့အပြင်၊ အိမ်ဖြူတော်မှ ကြေညာချက်ကိုလည်း ထုတ်ပြန်ရာ တရုတ်ပြည်သည် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု အပေါ်    တားဆီးနှောင့်ယှက်သည်ဟု သားပုပ်လေလွင့်ပြောဆိုကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်းသည် သိပ္ပံပညာ သုတေသနပြုမှုဖြစ်၍ ကျွမ်းကျင်မှုရှိသည့် သိပ္ပံပညာ သုတေသန ဝန်ထမ်းများက ပြုလုပ်သင့်ကြောင်း၊ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း အလွန် ရှုပ်ထွေးသောကြောင့် ကြာရှည်သော အချိန် လိုအပ်သည်မှာ သဘာဝကျကြောင်း၊ သို့သော် ယခုအကြိမ် အမေရိကန် အစိုးရမှ ထောက်လှမ်းရေးဌာနအား ကိုဗစ် ၁၉ အရင်းအမြစ် လိုက်ရှာခြင်းကို လုပ်ခိုင်းပြီး ကန့်သတ်ရက် ၉၀ကိုသာ ပေးခြင်းသည် သိပ္ပံပညာ ဥပဒေသကို လုံးဝကျောခိုင်းခြင်း ဖြစ်ပြီး ထောက်လှမ်းရေး ဌာနအား “အပြစ်ရှိသည်ဟုမှတ်ယူခြင်း” ကို လုပ်ခိုင်းခြင်းပင် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

  အမေရိကန် ထောက်လှမ်းရေးဌာနများသည် လိမ်ညာခြင်းနှင့် ခိုးယူခြင်း နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း၊ ၄င်း၏ “အပြစ်ရှိသည်ဟုမှတ်ယူခြင်း”ကို ပြုလုပ်ခြင်းမှတ်တမ်းတွင် ယုတ်ညံ့ဆိုးရွား လှသည့် ပြုမူဆောင်ရွက်ချက် များစွာ ရှိကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် အမေရိကန် ထောက်လှမ်းရေး ဌာနများသည် အမေရိကန် အစိုးရ၏ လျှို့ဝှက်ကြံစည်မှုများ အတွက် မုသားစကားများကို ကြံဖန်လီဆယ်ပြီး မဟုတ်မဟတ် စွပ်စွဲရန် ပြစ်ချက်များကို ဖန်တီးပေးခဲ့ကြောင်း China Media Groupက ဖော်ပြသည်။

  အမေရိကန် ထောက်လှမ်းရေးဌာန၏ ယခုအကြိမ် ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်းဆိုသည်မှာ “အပြစ်ရှိသည်ဟုမှတ်ယူခြင်း” လုပ်ရပ်နှင့် နိုင်ငံရေး ကြံစည်မှုကို ပေါင်းစပ်ထားခြင်းပင် ဖြစ်ကြောင်း၊ ၄င်းတို့ ကမန်းကတန်း အတင်းအဓမ္မ ဖွဲ့စည်းသည့် “အရင်းအမြစ် လိုက်ရှာခြင်း အစီရင်ခံစာ”သည် သိပ္ပံပညာနှင့် ဖီလာဆန့်ကျင်နေကြောင်း၊ ယင်းသည် တစ်ကမ္ဘာလုံးတွင် လူအများ ကဲ့ရဲ့အတင်းပြောဖွယ်ရာ အကြောင်းအချက်ဖြစ်လာပြီ ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။