洪荃诠

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကူအညီနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင်ကျောင်းသားများထံသို့ စာဖြင့် အကြောင်းပြန်ခြင်း

(GMT+08:00)2021-07-15 21:14:16  

လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင်ကျောင်းသားများမှ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသို့ စာပို့၍ မြန်မာနိုင်ငံ ကပ်ရောဂါအခြေအနေနှင့် ပြည်သူလူထု ကြုံတွေ့နေရသော အခက်အခဲများအကြောင်း ဆွေးနွေးပြီး မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ အကူအညီပေးအပ်ရန် တရုတ်ဘက်သို့ ပန်ကြားလာပါသည်။ ထို့ပြင် မြန်မာပြည်သူ တော်တော်များများမှလည်း ထိုကဲ့သို့မျှော်လင့်ကြောင်း စာပို့၍ ဖော်ပြကြပါသည်။ သံရုံးမှ အထက်ပါစာများကို များစွာအလေးထားပြီး စာပို့သူများကို ဂရုတစိုက် အကြောင်းပြန်ခဲ့ပါသည်။
သံရုံးက စာအကြောင်းပြန်ရာ၌ လတ်တလောကာလတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ပြည်သူအများအပြား ကူးစက်ခံနေရသည့်အပေါ် မိမိတို့ စိတ်ပူပန်မိကြောင်း၊ မြန်မာပြည်သူများ ကြုံတွေ့နေရသည့်အခြေအနေများကို မိမိတို့ ထပ်တူထပ်မျှခံစားရကြောင်း ပြောကြားပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် ထိရောက်မှုရှိသော ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ခဲ့ပါသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်း အများအပြား ကူညီထောက်ပံ့ပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့များ အကြိမ်များစွာ စေလွှတ်၍ မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အကူအညီပေးခဲ့ပါသည်။ မိမိတို့သည် မြန်မာနိုင်ငံ၏ ကပ်ရောဂါ နောက်တစ်ကြိမ် ဖြစ်ပွားမှုအခြေအနေကို များစွာဂရုပြုပါသည်။ မေလတွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၅ သိန်း ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ရာ မြန်မာပြည်သူများ ကပ်ရောဂါကာကွယ်ရေးအတွက် အရေးပါအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၂ သန်း ထပ်မံ ကူညီထောက်ပံ့ပေးမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကာကွယ်ဆေးကုမ္ပဏီများကို သက်သာသောဈေးနှုန်း၊ အမြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး ထောက်ပံ့ပေးရန်လည်း တက်တက်ကြွကြွ တွန်းအားပေးထားပါသည်။ မြန်မာနိုင်ငံမှ ဝယ်ယူသည့် Sinovac ကာကွယ်ဆေး အလုံးရေ ၂ သန်းသည်လည်း ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပေါ်လိုအပ်ချက်များနှင့် ပေါင်းစပ်၍ မြန်မာဘက်သို့ အသက်ရှူစက်၊ အောက်ဆီဂျင်စက်၊ နှာခေါင်းစည်း စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ မြန်ဆန်စွာ ထောက်ပံ့ပေးမည် ဖြစ်ပါသည်။ ယူနန်ပြည်နယ်မှ အထူးလမ်းကြောင်း သီးသန့်ဖွင့်လှစ်၍ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်အောင် အာမခံပေးပါသည်။ ထို့ပြင် တရုတ်သံရုံးသည် မြန်မာနိုင်ငံရှိ စာသင်ကျောင်းများ၊ ဆေးရုံများသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများနှင့် စားသောက်ကုန်များလည်း လှူဒါန်းလျက်ရှိပါသည်။ မိမိတို့ဆောင်ရွက်နေသည့် ထိုလုပ်ငန်းများအားလုံးသည် မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူများအတွက် ဖြစ်ပါသည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုများ ဖြစ်ပါသည်။ အပြန်အလှန်ဖေးမကူညီခြင်းသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်တွင် ရှိသင့်သည့် ဝတ္တရား ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် မြန်မာပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို များစွာအလေးထားလျက်ရှိပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက်ကူညီသွားမည် ဖြစ်ပါသည်။ မိမိတို့သည် တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင်ကျောင်းသားများကိုလည်း ယခင်ကကဲ့သို့ပင် ဆက်လက်၍ အကူအညီနှင့် ထောက်ခံအားပေးမှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။