ဇွန်လ ၇ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် တရုတ်-အာဆီယံဆွေးနွေးဖက် ဆက်ဆံရေးထားရှိသည့် နှစ်၃၀ပြည့်မြောက်နှစ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ရာ မြန်မာ့အခြေအနေနှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဝမ်ယိက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံမှ မြန်မာ့ပြဿနာကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန် အတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ရန် ထောက်ခံကြောင်း၊ အာဆီယံ မူဘောင်အောက်တွင် သဘောတူညီချက်၅ချက်ကို အဆင့်လိုက် အကောင်အထည်ဖော်ရန် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်း ဆက်စပ် နေသော အိမ်နီးချင်းနိုင်ငံဖြစ်သဖြင့် မြန်မာ့အခြေအနေသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အခြေအနေကိုလည်း လွန်စွာ အာရုံစိုက်ပြီး မိမိ၏နည်းလမ်းများဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဝမ်ယိက မြန်မာအရေး အပေါ် တရုတ်နှင့် အာဆီယံတို့၏ ရပ်တည်ချက်နှင့် ထင်မြင်ယူဆချက်မှာ ယေဘုယျအားဖြင့် တူညီကြောင်း၊ မိမိတို့သည် အာဆီယံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးတို့အား ပြည်သူများ၏ အကျိုးစီးပွားကို အလေးထားရန်၊ အေးဆေးတည်ငြိမ်စွာဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ အကြမ်းဖက်မှုများကို ပပျောက်စေရန် အတူတကွ တွန်းအားပေးလိုကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးတို့အား ဖွဲ့စည်းပုံအခြေခံဥပေဒနှင့် ဥပဒေ မူဘောင်အောက်တွင် နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ပြန်လည်စတင်ရန် အတူတကွအားပေးလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ကပ်ရောဂါ တိုက်ဖျက်ရေးကို အကူအညီပေးပြီး မြန်မာနိုင်ငံတွင် ရောဂါ မပြန့်ပွားစေကာ ပြည်သူလူထု၏ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းရန် အတူတကွ ဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံ၏စီးပွားရေး နာလန်ပြန်ထူရေး၊ ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်စေရေး၊ အခြေခံလူတန်းစား၏အခွင့်အရေးနှင့် အကျိုးခံစားမှု ကာကွယ်ထိန်းသိမ်းရေးတို့ကို အတူတကွ ထောက်ခံလိုကြောင်း၊ နိုင်ငံအသီးသီးတို့အား ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက်နှင့်မူများကို လိုက်နာကျင့်သုံးပြီး တစ်ဖက်သတ်အရေးယူမှုနှင့် မတရား ဝင်ရောက်စွက်ဖက်မှုကို ရှောင်ရှားရန် အတူတကွတိုက်တွန်းလိုကြောင်း ပြောကြား ခဲ့ပါသည်။