တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တောင်တရုတ်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာချက်ကို အကောင်အထည်ဖော်ရန် ၁၉ကြိမ်မြောက် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ဇွန်လ၇ရက်နေ့တွင် တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နယ်စပ်နှင့်ပင်လယ် သမုဒ္ဒရာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဟုန်လျန့် နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလာဇာရိုတို့သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြပါသည်။
သက်ဆိုင်ရာဘက်အသီးသီးတို့က တောင်တရုတ်ပင်လယ်ဆိုင်ရာ ဘက်အသီးသီး တို့၏ ဆောင်ရွက်မှု ကြေညာချက်ကို ဘက်စုံထိရောက်စွာ အကောင်အထည်ဖော်ရန်၊ ပင်လယ်ပြင် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရန်နှင့် တောင်တရုတ်ပင်လယ် ဆိုင်ရာ စီမံခန့်ခွဲမှုမူ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရန်နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ လက်ရှိအချိန်တွင် တောင်တရုတ် ပင်လယ်ဆိုင်ရာအခြေအနေ ယေဘုယျအားဖြင့် တည်ငြိမ်ကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါ ဖြစ်ပွားခဲ့သော်လည်း တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ယင်းကြေညာချက်ကို ဘက်စုံထိရောက်စွာ အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပျော့ပျောင်းပြီး လက်တွေ့ကျသောနည်းလမ်းများဖြင့် တောင်တရုတ်ပင်လယ် ဆိုင်ရာ စီမံခန့်ခွဲမှုမူညှိနှိုင်းဆွေးနွေးရေး ဖြစ်စဉ်ကို ထိန်းသိမ်းထား လျက်ရှိကြောင်း ဘက်အသီးသီးတို့က ယူဆကြပါသည်။
ဘက်အသီးသီးတို့က ကြေညာချက်ကို ဘက်စုံထိရောက်စွာ အကောင်အထည် ဖော်ခြင်းသည် အရေးကြီးကြောင်း အလေးထားဖော်ပြကြပြီး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးချဲ့ပြုလုပ်၍ အပြန်အလှန်ယုံကြည်မှုကို တိုးပွားစေကာ တောင်တရုတ်ပင်လယ်၏ တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ် ထိန်းသိမ်းရန် တစ်ညီတညွှတ်တည်း သဘောတူညီခဲ့ကြပါသည်။