မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တစ်ပြည်လုံး၌ စိုက်ပျိုးမြေ ၃၅ ရာခိုင်နှုန်းခန့် ဆန်စပါး စိုက်ပျိုးထားသည်။ သို့သော် လယ်သမား အများစုသည် ရိုးရာနည်းပညာဖြင့် ဆန်စပါး စိုက်ပျိုးနေပြီး မျိုးစပ်စပါး စိုက်ပျိုးမှု ဧရိယာသည် စုစုပေါင်း ဧရိယာ၏ ၁ ရာခိုင်နှုန်းတောင် မရှိကာ မျိုးစပ်စပါး စိုက်ပျိုးရေးသည် လုပ်ခါစ ဖြစ်သည်။ မြန်မာဈေးကွက်သို့ ဝင်ခါစ ဖြစ်သည့် တရုတ်ပြည်၏ ယင်း မျိုးစပ်စပါးများသည် ဆန်စပါးထုတ်လုပ်မှု တစ်ဆ တိုးလာစေပြီး မြန်မာနိုင်ငံ ဆန်ထုတ်လုပ်မှု တိုးတက်ရေးတွင် အလင်းရောင်ခြည် ဆောင်ကြဉ်းလာပါသည်။
၂၀၁၉ ခုနှစ်တွင် မော်လမြိုင် တက္ကသိုလ် ဒုကျောင်းအုပ်ကြီး ဒေါက်တာ စန်းစန်းအေးသည် စမ်းသပ်မြေ သုံးခု၌ တရုတ်နှင့်မြန်မာ မျိုးစပ်စပါးကို စိုက်ပျိုးထားခဲ့သည်။ ဒေါက်တာစန်းစန်းအေးက လွန်ခဲ့သည့် နှစ်နှစ်တုန်းက မိမိ၏ မျိုးစပ်စပါး လုပ်ငန်းစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့် ရန်ပုံငွေအဖွဲ့မှ ထောက်ခံမှု ရရှိပြီး မျိုးစေ့သစ်ကို မွေးထုတ်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခု မျိုးစေ့သစ်၏ မျိုးရိုးဗီဇ တိုးတက်ကောင်းမွန်လာခြင်း ရှိမရှိကို တိုင်းတာနေပြီး တိုင်းတာပြီးနောက် မြန်မာပြည်တွင်း၌ စပါးမျိုးသစ်အဖြစ် မှတ်ပုံတင်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။