邹立莹

မြန်မာနိုင်ငံ၌ အကြီးအကျယ် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွါးပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်မြင်သံကြားဖြင့် မိန့်ခွန်းပြောကြား

(GMT+08:00)2021-02-09 12:51:42  

ဒေသစံတော်ချိန် ယခုလ ၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ ရန်ကုန် အပါအဝင် ဒေသအရပ်ရပ်၌ အကြီးအကျယ် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွါးခဲ့ရာ သိန်းနှင့်ချီသော ပြည်သူလူထုများက “စစ်အာဏာရှင် အလိုမရ”ဆောင်ပုဒ်ဖြင့် ဆန္ဒပြပွဲတွင် ဆက်လက်ပါဝင်ကြသည်။ ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်ရင်ဆိုင်မှု အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သော်လည်း ပြင်းထန်သော အချင်းပွါးမှုနှင့် ဖမ်းဆီးမှု ဖြစ်ပေါ်ခြင်း မရှိသေးကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြေညာချက် ထုတ်ပြန်ပြီး ပါတီတီဝင်များအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပြည်သူနှင့်အတူ လက်တွဲပါဝင်ကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ထိုနေ့တွင်ပင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစတဲ့ ဒေသများတွင် လူငါးဦးထက် ပိုမိုစုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရန် ဒေသန္တရအမိန့်များ ထုတ်ပြန်သည်။ ထိုသို့ ဒေသန္တရအမိန့်များအတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ထိုနေ့ည ၈ နာရီက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က UEC အသစ်ကို ဖွဲ့စည်းပြီးဖြစ်၍ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြောင်း၊ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းပေးထားသည့် ကာလအတွင်းတွင် နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်သော မူဝါဒ၊ စီးပွားရေးနှင့်ပတ်သက်သောမူဝါဒများ လုံးဝပြောင်းလဲသွားမှာ မဟုတ်ကြောင်း ပြောကြားသည်။