洪荃诠

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲဖွင့်လှစ်ခြင်း (၅)နှစ်ပြည့် အနှစ်ချုပ်ကူးလူးဖလှယ်ပွဲ အခမ်းအနား ကျင်းပ

(GMT+08:00)2020-12-13 15:06:24  

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲဖွင့်လှစ်ခြင်း (၅)နှစ်ပြည့် အနှစ်ချုပ်ကူးလူးဖလှယ်ပွဲ အခမ်းအနား ကျင်းပ

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း (CFPA) မြန်မာနိုင်ငံရုံးခွဲ ဖွင့်လှစ်ခြင်း (၅)နှစ်ပြည့် အနှစ်ချုပ် ကူးလူးဖလှယ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၈ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Li Xiaoyan က Video Conference ဖြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း၊ CFPA  အမှုဆောင်ဒုတိယဥက္ကဋ္ဌ Mr. Wang Xingzuiက အခမ်းအနားတွင် တက်ရောက် အမှာစကား ပြောကြား ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဗီဒီယိုဖြင့် အမှာစကား ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး သံမှူးကြီး ဦးဟန်ဝင်းအောင်၊ တရုတ်နိုင်ငံ ပရဟိတ လုပ်ငန်းများနှင့် အဖွဲ့အစည်းများမှ တာဝန်ခံများက အွန်လိုင်းမှ တစ်ဆင့် သို့မဟုတ် အခမ်းအနားသို့ သွားရောက်ကာ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါသည်။
သံမှူးကြီး Ms. Li Xiaoyanက CFPA မြန်မာနိုင်ငံ ရုံးခွဲဖွင့်လှစ်ခြင်း (၅)နှစ်ပြည့်အတွက် ဂုဏ်ပြုခဲ့ပြီး CFPA က တက်တက်ကြွကြွ လုပ်ငန်းဖော်ဆောင်ပြီး ပညာရေးလေ့ကျင့်မှု၊ ကျန်းမာရေး ကုသရေး၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်း များတွင် စီမံကိန်းများစွာ ဖော်ဆောင်ခဲ့ရာ လက်တွေ့လှုပ်ရှားမှုဖြင့် မြန်မာနိုင်ငံပြည်သူများ လူနေမှုဘဝ ကောင်းမွန်ရေးအတွက် ကူညီပေးကာ မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလုပ်ငန်းကို ထောက်ပံ့ပေးသည့်အပြင် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းစေမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း အပြုသဘောဆောင်သည့် အကျိုးဆောင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သံရုံးက CFPA မြန်မာနိုင်ငံရုံးခွဲအနေနှင့် မြန်မာနိုင်ငံတွင် ပိုမိုများပြားသည့် ပြည်သူ့အကျိုးပြုစီမံကိန်းများ ဖော်ဆောင်ရေးကို ဆက်လက်အားပေး ထောက်ခံ သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံပြည်သူများ ပိုမိုသာယာကောင်းမွန်သော နေထိုင်မှုဘဝ ရရှိစေကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြည်သူများ၏ စိတ်နှလုံးတွင် ပိုမိုအမြစ်တွယ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
အမှုဆောင်ဒုတိယဥက္ကဌ Mr. Wang Xingzuiက CFPA မြန်မာနိုင်ငံရုံးခွဲ၏ ငါးနှစ်တာ လုပ်ငန်းရလဒ်များကို မိတ်ဆက်ပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်များ၏ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ CFPA က “နယ်စည်းမခြား မေတ္တာတရား ပြည်သူစိတ်နှလုံးချင်း ယှက်နွှယ်ထား” သဘောတရားကို ဆက်လက်အရင်းခံ၍ တရုတ်နိုင်ငံပြည်သူများ၏ မေတ္တာတရားကို ဧရာဝတီမြစ်ကမ်းနှစ်ဖက်သို့ အဆက်မပြတ် ပို့ဆောင်ပေးကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက CFPA မြန်မာနိုင်ငံရုံးခွဲ ငါးနှစ်တာ ကာလ အတွင်း လုပ်ငန်းများကို အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံတွင် CFPA ကဲ့သို့သော လူမှုရေးအဖွဲ့အစည်းများ ပိုမိုလိုအပ်ပါကြောင်း၊ CFPA က မြန်မာနိုင်ငံ၏ ပညာရေး လုပ်ငန်းကို ဆက်လက်ထောက်ခံ အားပေးရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက CFPA စသည့် ပရဟိတအဖွဲ့အစည်းများကို အချိန်မရွေး ကူညီပေးလိုပါကြောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ပြောကြားခဲ့ပါသည်။
CFPA က မြန်မာနိုင်ငံရုံးခွဲကို ထောက်ခံအားပေးသည့် ပရဟိတလုပ်ငန်းနှင့် အဖွဲ့အစည်း များကို ကျေးဇူးတင်ရှိခဲ့ပါသည်။ တက်ရောက်လာသော ဧည့်သည်တော်များက CFPA မြန်မာနိုင်ငံရုံးခွဲ ဖွင့်လှစ်သည့်ငါးနှစ်တာ ရလဒ်ပြသမှု၊ မြန်မာနိုင်ငံအစိုးရ၊ လူမှုရေး အဖွဲ့အစည်းနှင့် ကူညီမှုလက်ခံသည့်သူများ၏ ကျေးဇူးတင်ရှိသော ဗီဒီယိုကို အတူတကွ ကြည့်ရှုကာ တရုတ်-မြန်မာဆက်ဆံရေး စသည်တို့နှင့်စပ်လျဉ်း၍ ပညာရပ်ဆိုင်ရာ ကူးလူးဖလှယ်ခဲ့ကြပါသည်။
CFPA မြန်မာနိုင်ငံရုံးခွဲကို ၂၀၁၅ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ငါးနှစ်တာကာလအတွင်း၌ မြန်မာနိုင်ငံတွင် ယွမ် ၄၈၃.၉သိန်း (အမေရိကန်ဒေါ်လာ၇၃.၇သိန်းခန့်) ထည့်ဝင်ကာ အရည်အသွေးမြင့်ပညာရေး၊ငတ်မွတ်ခေါင်းပါးမှုကင်းစင်ရေးနှင့် ရေကောင်းရေသန့်ရရှိရေး ဟူသည့် ကဏ္ဍကြီး၃ခု၊ စီမံကိန်း၇ခု ဖော်ဆောင်ကာ လူဦးရေပေါင်း ၃.၂၈သိန်းကို အကျိုးခံစားရစေပါသည်။