洪荃诠

တရုတ် (ကျဲ့ကျန်း) - မြန်မာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2020-12-13 15:05:02  

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် တရုတ် (ကျဲ့ကျန်း) - မြန်မာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါသည်။

တရုတ် (ကျဲ့ကျန်း) - မြန်မာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ စီးပွားရေးသံမှူး Mr. Tan Shufu ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ကျဲ့ကျန်းပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ဌာနမှူး Mr. Sheng Qiuping ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်း၊ မြန်မာ တရုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ Mr. Liu Ying တို့သည် ယင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားကြပြီး တရုတ်-မြန်မာ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တို့မှ ကိုယ်စားလှယ်များ ၂၀၀ ကျော် တက်ရောက်ကြသည်။
သံအမတ်ကြီး Mr. Chen Hai အမှာစကားပြောကြားရာ၌ တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းလှကာ အရေးပါသည့် ပူးပေါင်းမိတ်ဖက်ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်နှစ်ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ဆန်းပိုင်းက သမ္မတ Mr. Xi Jinping မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား တရုတ်-မြန်မာ အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ အရေးပါ သဘောတူညီချက်များ ဖြစ်ထွန်းခဲ့ကာ တရုတ်-မြန်မာဆက်ဆံရေး ခေတ်ကာလသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း နှစ်နိုင်ငံသည် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို စနစ်တကျတွန်းအားပေးဖော်ဆောင်ခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ထိရောက်စွာ ဖော်ဆောင်၍ အပြန်အလှန်ဖေးမကူညီလျက်ရှိရာ တရုတ်-မြန်မာ အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာတူ အသိုက်အဝန်း စိတ်ဓာတ် သက်ဝင်လှုပ်ရှားစွာ ပေါ်လွင်နေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ သံအမတ်ကြီးက နှစ်သစ်တွင် တရုတ်နိုင်ငံသည် “ဆယ့်လေးကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကို အကောင်အထည်ဖော်ဆောင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်လည်း အစိုးရသစ်၏ အုပ်ချုပ်ရေးငါးနှစ်သက်တမ်းကို စတင်တော့မည်ဖြစ်ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ မူဝါဒ ချိတ်ဆက်မှုများ တိုးမြှင့်ဆောင်ရွက်၍ နိုင်ငံစီမံအုပ်ချုပ်ရေး အတွေ့အကြုံများ ကူးလူးဖလှယ်ကာ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအား အလုံးစုံစီမံခန့်ခွဲ တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် ကြိုးပမ်း၍ ခေတ်ကာလသစ် တရုတ်-မြန်မာဆက်ဆံရေးအား ရှင်သန်စွမ်းအားများနှင့် ခွန်အားများ ပိုမိုပြည့်ဝနေစေရန် ဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံအတူ အတော်အသင့်ချမ်းသာကြွယ်ဝရေးအတွက် ကြိုးပမ်းအားဖြည့်ပေး၍  မြန်မာပြည်သူများအား ဆောလျင်စွာ ပိုမိုအကျိုးခံစားရရှိစေမည် ဖြစ်ကြောင်း၊ ကျဲ့ကျန်းသည် တရုတ်နိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေး တက်ကြွမှုအရှိဆုံးသော၊ ပြင်ပနှင့်ကူးလူးဖလှယ်မှု အများဆုံးသော၊ စီးပွားရေးလုပ်ကိုင်ရန်အနေအထား ဆွဲဆောင်မှုအရှိဆုံးသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်နေသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကျဲ့ကျန်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ စီးပွားရေး၊ ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကျဲ့ကျန်းပြည်နယ်၏ ပြည်တွင်းနှင့်နိုင်ငံတကာစီးပွားရေး အပြန်အလှန်တွန်းအားပေးမြှင့်တင်နေသော ဖွံ့ဖြိုးမှုအခင်းအကျင်းသစ် တည်ဆောက်ရေးအတွက် သေချာပေါက် အားဖြည့်ပေးနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကျဲ့ကျန်း၊ မြန်မာ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အင်တိုက်အားတိုက် ဆက်လက်ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ် (ကျဲ့ကျန်း) - မြန်မာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာ-တရုတ်ဆက်ဆံရေးသည် အားကောင်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်နိုင်စွမ်းရှိပြီး အမှန်တကယ်လည်း လက်တွေ့ကျကျ အရေးပါစွာ အကျိုးဆောင်လျက်ရှိကြောင်း၊ ကပ်ရောဂါကြောင့် ယခင်ကမကြုံခဲ့ဘူးသည့် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) ချုပ်ဆိုနိုင်မှုနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအား ဆန်းသစ်တီထွင်မှုရှိစွာ တွန်းအားပေးခြင်းဖြင့်လည်း အခွင့်အလမ်းများစွာ ဆောင်ကြဉ်းပေးလာကြောင်း၊ မြန်မာနိုင်ငံသည် ကျဲ့ကျန်းနှင့်တကွ တရုတ်နိုင်ငံ ဒေသအသီးသီးနှင့်အတူ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်ဦးနှစ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မြဲလာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

တရုတ် (ကျဲ့ကျန်း) - မြန်မာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ


ဌာနမှူး Mr. Sheng Qiuping က ကျဲ့ကျန်းပြည်နယ်သည် တရုတ်နိုင်ငံစီးပွားရေးတွင် တက်ကြွမှုအရှိဆုံး၊ တံခါးဖွင့်မှု အနေအထားအမြင့်ဆုံး၊ ဆန်းသစ်တီထွင်နိုင်စွမ်းအရှိဆုံး ဒေသများထဲမှ တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် “Belt and Road” ပူးပေါင်းဆောင်ရွက်မှု ၏ အဓိကကျသောနိုင်ငံဖြစ်သကဲ့သို့ တရုတ်နိုင်ငံ၏ အရေးပါသော အိမ်နီးချင်းနိုင်ငံလည်း ဖြစ်ကြောင်း၊ ကျဲ့ကျန်းပြည်နယ်သည် မြန်မာနိုင်ငံနှင့်အတူ လက်တွဲချီတက်၍ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အပြန်အလှန် ဈေးကွက်တံခါးဖွင့်လှစ်ရေး၊ နှစ်ဦးနှစ်ဖက် Industry Chain ၊ Supply Chain ၊ Value Chain တို့ နက်ရှိုင်းစွာပေါင်းစပ်မှုအား တွန်းအားပေးရေး တို့ကို ဆောင်ရွက်ပြီး နှစ်ပေါင်းထောင်ချီသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ စာမျက်နှာသစ်ကို ဆက်လက်ရေးသားသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် အဓိကနယ်ပယ်များကို မိတ်ဆက်ပေးပါသည်။ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များက ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်း၊ မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ် သဘာဝဓာတ်ငွေ့ထုတ်ဖော်မှုအလားအလာ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက် ပူးပေါင်းဆောင်ရွက်မှု အလားအလာ စသည်တို့နှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ကြပါသည်။