နိုဝင်ဘာ ၂၃ ရက်နေ့က တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် နောက်ဆုံးကျန်ရှိတဲ့ ဆင်းရဲခရိုင် ၉ ခု ဆင်းရဲခရိုင် စာရင်းထဲကနေ ပယ်ဖျက် ခံလိုက်တယ်။ ဒါနဲ့ တရုတ်နိုင်ငံရှိ ဆင်းရဲခရိုင် ၈၃၂ ခုစလုံး ဆင်းရဲမှုပပျောက်ရေးကို အကောင်အထည်ဖေါ်နိုင်ပြီ ဖြစ်ပါတယ်။
ဆင်းရဲမှုဟာ နှစ်ထောင်ပေါင်းများစွာအတွင်း လူသားများ ဖြေရှင်းဖို့ ခက်တဲ့ပြဿနာဖြစ်ပါတယ်။ ဆင်းရဲမှုပပျောက်ရေးဟာ လူသားများရဲ့ အိပ်မက်တစ်ခုဖြစ်ပေမယ့် အကောင်အထည်ဖေါ်ရတာတော့ တော်တော့်ကို ခက်ခဲပါတယ်။ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှုပပျောက်ရေး အတွေ့အကြုံဟာ လူသား စမ်းဖူးတဲ့ စီမံခန့်ခွဲရေး အတွေ့အကြုံအားလုံးနဲ့မတူဘဲ တရုတ်နိုင်ငံရဲ့ စနစ် ဆိုင်ရာ အားသာချက်ကို အတတ်နိုင်ဆုံး ဖေါ်ထုတ်ပြီး သိန်း၁၀၀နဲ့ချီတဲ့ လူဦးရေကို လူ့ဘောင်အဖွဲ့တစ်ခုလုံးနဲ့အတူ ဖွံ့ဖြိုး တိုးတက်စေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှု ပပျောက်ရေးအတွက် အရေးကြီးတဲ့ အဓိပ္ပါယ် ရှိရုံသာမက တစ်ကမ္ဘာလုံးဆင်းရဲမှုပပျောက်ရေးအတွက်လည်း စံနမူနာကို ထူပြပေးပါတယ်။
၂၀၁၄ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်ဟာ မြန်မာနိုင်ငံမှာ ၁၇ ကြိမ်မြောက် အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားခေါင်းဆောင်များ အစည်းအဝေးအတွင်း အရှေ့အာရှ ဆင်းရဲမှုပပျောက်ရေးပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်ကို တရားဝင်တင်ပြခဲ့ပါတယ်။ တရုတ်အစိုးရက အဓိကငွေရင်းနဲ့ နည်းပညာကိုပံ့ပိုးပြီး တရုတ်ဆင်းရဲမှု ထောက်ပံ့ရေး လုပ်ငန်း အတွေ့အကြုံကို အားကိုးကာ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ ၃ နိုင်ငံရှိ ရွာ ၆ ရွာမှာ ဆင်းရဲမှုပပျောက်ရေး စံပြလုပ်ငန်းဆောင်ရွက်မှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလက တရုတ်နဲ့မြန်မာနှစ်ဖက်တို့ဟာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဆင်းရဲမှု လျှော့ချရေးကို ထောက်ပံ့ကူညီမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းဖေါ်ဆောင်ရေး သဘော တူညီချက်ကို ချုပ်ဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံယူနန်ပြည်နယ်က ဦးဆောင်ပြီး မြန်မာနိုင်ငံ နေပြည်တော်ရှိ အေးချမ်းသာရွာနဲ့ မင်းပြင်ရွာမှာ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ လုပ်ငန်းရဲ့ ၇၀ ရာခိုင်နှုန်းကို ပြီးမြောက်အောင် ဆောင်ရွက် ခဲ့တယ်။ရွာနှစ်ရွာရဲ့ လမ်းများရွှံ့လမ်းမှ ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲလာတယ်။ ရွာသူရွာသားများ သန့်ရှင်းတဲ့သောက်သုံးရေကိုရရှိတယ်။ ရွာထဲမှာရပ်ကွက်ဝန်ဆောင်မှု စင်တာ၊ ဆေးခန်းများ တိုးပွားလာပြီး ဝင်ငွေတိုးကာ ကျန်းမာရေးအာမခံချက်များလည်း ရရှိလာတယ်။ အရင်က အပြင်ထွက်အလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ရွာသားဦးအောင်စိုးဝင်းက ဥယျာဉ်ခြံ စီးပွားရေး စီမံကိန်းတစ်ခုကို အမှီပြုပြီး မြေငှားနိုင်ခဲ့ကာ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီကျေးရွာနဲ့သိပ်မဝေးတဲ့ မင်းပြင်ကျေးရွာမှာ ရွာသူ၅ဦးဟာ အတတ်ပညာ သင်တန်းတက်ပြီးနောက် အထည်ချုပ်စက်ရုံမှာ အလုပ်ရခဲ့ရာ ဘဝရဲ့ပထမဆုံးလုပ်အားခဝင်ငွေ ရရှိခဲ့ပါတယ်။ ပြည်သူများကိုဗဟိုပြုပြီး “တိတိကျကျဆင်းရဲမှုလျှော့ချခြင်း”၊ဖွံ့ဖြိုးမှုပုံစံဆင်းရဲမှုလျှော့ချရေးနဲ့ ကယ်ဆယ်မှုပုံစံဆင်းရဲမှုလျှော့ချရေးတို့ ပေါင်းစပ်ခြင်း စတဲ့ တရုတ်ဝိသေသပါတဲ့ ဆင်းရဲမှုလျှော့ချရေး အတွေ့အကြုံများဟာ မြန်မာပြည်သူများကိုလည်း အကျိုးပြုလျက်ရှိပါတယ်။ တရုတ်-မြန်မာအတူလက်တွဲပြီး အသင့်အတင့်ချမ်းသာတဲ့ နေထိုင်မှုဘဝကို ဖော်ဆောင်ခြင်းဟာ တရုတ်-မြန်မာ အေးအတူပူအမျှဖြစ်တဲ့ကံကြမ္မာတူအသိုက်အဝန်းရဲ့ ရှိသင့်ရှိထိုက်တဲ့ သဘောတရားလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာသုတေသနစင်တာဥက္ကဋ္ဌဦးကိုကိုလှိုင်က ဆင်းရဲမှု လျှော့ချ ခြင်းဟာ နိုင်ငံတစ်နိုင်ငံ ဆက်တိုက်ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးကြောင်း၊ ဘာလို့လဲဆိုတော့ ဖွံ့ဖြိုးမှု မညီမျှခြင်းဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု ဖြစ်တတ်ရုံသာမက နိုင်ငံတော်ဖွံ့ဖြိုးရေးကိုလည်း ထိခိုက်တတ်ကြောင်း၊ တရုတ်နိုင်ငံဟာ ဆက်တိုက်ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်မှာ ချီတက်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဆင်းရဲသူဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း သိန်း ၁၂၀ လောက် ရှိသေးကြောင်း၊ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှုလျှော့ချရေး အတွေ့ အကြုံ များကို အတုယူဖို့လိုကြောင်း၊ တရုတ်နိုင်ငံ ဆင်းရဲမှု လျှော့ချရေး အတွေ့အကြုံကို နိုင်ငံအသီးသီးက အတုယူနိုင်ကြောင်း ပြောကြားပါတယ်။