辛甜

ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2020-11-17 17:30:58  

    ယခုလ ၁၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မကြာမီက ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဆက်လက် အောင်နိုင်ခဲ့သည့်အတွက် ထောမနာ ပြုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ မကြာမီက မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကို ချောမောစွာ ကျင်းပပြီး အဆွေတော် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အောင်မြင်မှု ရရှိခဲ့သည့် သတင်းကို ဝမ်းမြောက်စွာ ကြားမိရကြောင်း၊ မိမိသည် အဆွေတော်နှင့် မြန်မာ ပြည်သူများအား စိတ်ရင်းသန့်သန့်ဖြင့် ထောမနာ ပြုပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော် မွန်မြတ်သော စည်ပင်သာယာမှု ဖေါ်ဆောင်ရေးလုပ်ငန်းတွင် ပိုမို ကြီးမားသော အောင်မြင်မှု ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖေါ်ပြပါသည်။
ရှီကျင့်ဖိန်က၊ တရုတ်နှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်ပြီး ဆွေမျိုးပေါက်ဖေါ်လို အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် နှစ်နိုင်ငံတို့သည် သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ် ၇၀ ပြည့်မြောက်ခြင်းကို အတူ အထိမ်းအမှတ် ပြုခဲ့ကြောင်း၊ ယခုနှစ် နှစ်ဦးပိုင်းက မိမိသည် မြန်မာနိုင်ငံတွင် အောင်မြင်စွာ ခရီးလှည့်လည်ပြီး မိမိတို့သည် တရုတ်-မြန်မာ အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်ရန် တညီတညွတ်တည်း သဘောတူ၍ နှစ်နိုင်ငံ ဆက်ဆံမှု ခေတ်သစ်ကို ဖွင့်လှစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွါးသည့်နောက်ပိုင်း မိမိတို့ နှစ်ပါတီနှင့် နှစ်နိုင်ငံတို့သည် အပြန်အလှန် အားပေး ထောက်ခံ ဖေးမပြီး အေးအတူ ပူအမျှ ဖြစ်သည့် ကံကြမ္မာတူ အသိုက်အဝန်း စိတ်ဓါတ်ကို လက်တွေ့ကျကျ ပေါ်လွင်လာ စေကြောင်း ပြောကြားပါသည်။
ရှီကျင့်ဖိန်က၊ တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံပြီး နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်စွာ တိုးတက်ရေး အတွက် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပါကြောင်း၊ တရုတ်နိုင်ငံသည် နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ မိမိသည် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲ ကြိုးပမ်းပြီး နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံမှု ဆိုင်ရာ နိုင်ငံရေး ဦးဆောင်မှုကို အားဖြည့်ဆောင်ရွက်၍ နှစ်ပါတီအကြား ကူးလူး ဆက်ဆံမှု နက်ရှိုင်းအောင် ဆောင်ရွက်လိုပါကြောင်း၊ Belt and Road အတူ တည်ဆောက်မှုနှင့် တရုတ်-မြန်မာ စီးပွါးရေး စင်္ကြံ မူဘောင်အတွင်း နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး နယ်စပ် အေးချမ်းတည်ငြိမ်မှုကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ကာ နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်းဆိုင်ရာ အောင်ကျိုးရလဒ်များ ရရှိစေရန် တွန်းအားပေး၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအား ပိုမို ကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်လိုပါကြောင်း ဖေါ်ပြထားပါသည်။