张晓宁

မြန်မာနိုင်ငံတွင် ယန်ကျယ်ချီခရီးလှည့်လည်

(GMT+08:00)2020-09-02 17:03:45  

ယခုလ ၁ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ ယန်ကျယ်ချီနှင့် နေပြည်တော်တွင် အသီးသီးတွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း China Media Groupမှ သတင်းအရသိရသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ယန်ကျယ်ချီက ယခုနှစ် ဇန်နဝါရီလတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံသို့ တရားဝင်ခရီး အောင်မြင်စွာ လှည့်လည်ခြင်းသည် တရုတ်- မြန်မာဆက်ဆံမှုကို ခေတ်ကာလသစ်သို့ ဝင်ရောက်ရန် တွန်းအားပေးခဲ့ကြောင်း၊ ကိုဗစ် ၁၉ခုခံကာကွယ်ရေးတွင် နှစ်နိုင်ငံအကြား အပြန်အလှန် စောင့်ကြပ်ကူညီပြီး ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးအစဉ်အလာ တိုးမြင့်လာကြောင်း၊ တရုတ်ပြည်အနေနှင့် မြန်မာ နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့ ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ပြီ်း အေးအတူပူအမျှ တရုတ်-မြန်မာ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ကြလိုကြောင်း ပြောကြားသည်။

မြန်မာခေါင်းဆောင်က မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် တရုတ်ပြည်၏ အဖိုးတန်သော အားပေးထောက်ခံမှုနှင့် ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တရုတ်ပြည်၏ အပြုသဘော ဆောင်သော အခန်းကဏ္ဍကို ချီးကျူးကြောင်း၊ မြန်မာနှင့် တရုတ်တို့သည် ကိုဗစ် ၁၉ကို လက်တွဲ ခုခံကာကွယ်ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာအနေနှင့် တရုတ်ပြည်နှင့်အတူ ကိုဗစ် ၁၉၏ ဂယက် ရိုက်ခတ်မှုကို ဆောလျင်စွာကျော်လွှားပြီး အဆင့်မြင့် ကူးလူးဖလှယ်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ဘက်စုံတွန်းအားပေး၍ ယဉ်ကျေးမှု စသည့် နယ်ပယ် များမှ ကူးလူးဖလှယ်မှုကို တိုးချဲ့ပြီး နိုင်ငံတကာရေးရာများတွင် ကူးလူးဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့် ဆောင်ရွက်ကာ အေးအတူပူအမျှ မြန်မာ-တရုတ် အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ကြလိုကြောင်း ပြောကြားသည်။