马宁

ရှီကျင့်ဖိန်သည် အင်ဒိုသမ္မတနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2020-09-01 14:54:37  

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် သြဂုတ်လ ၃၁ရက်နေ့ညက အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  ထိုသို့ ဆက်သွယ်ရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကို နောက်ဆုံး အနိုင်တိုက်ဖျက်ရေးအပေါ် အပြည့်အဝ ယုံကြည်ကြောင်း၊ အင်ဒိုနီးရှားအား ဆက်လက် ပြတ်သားစွာ ထောက်ခံမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအား ပစ္စည်းနှင့် နည်းပညာကူညီမှုကို တတ်နိုင်သမျှ ပေးပို့ပြီး ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အတွေ့အကြုံများကို မျှဝေမည် ဖြစ်ကြောင်း ပြောကြားပါသည်။

  ရှီကျင့်ဖိန်က နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာများတွင် အင်ဒိုနီးရှား၏ အဆင့်နေရာ နှင့် အခန်းကဏ္ဍကို တရုတ်နိုင်ငံအနေနှင့် အလေးထားကြောင်း၊ အင်ဒိုနီးရှားနှင့်အတူ ကြိုးပမ်းအားထုတ်ပြီး ကုလသမဂ္ဂကို အမြုတေအဖြစ်ထားသော နိုင်ငံတကာစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေးကို ကောင်းမွန်စေရန် တွန်းအားပေး၍ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းပြီး အေးအတူပူအမျှဖြစ်သည့် လူသားကံကြမ္မာ အသိုက်အဝန်းကို ထူထောင်ရန် တွန်းအားပေးလိုကြောင်း အလေးထား ပြောကြားပါသည်။

  ဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားသည် တရုတ်နှင့်အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် လူမှုယဉ်ကျေးမှု စသောနယ်ပယ်များ၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်မျှော်လင့်ပြီး ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းဖောက်လုပ်ရေးကို ဆက်လက် တက်ကြွစွာတွန်းအားပေးမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် တရုတ်နှင့်အတူ နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူနှင့်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းပြီး အေးအတူပူအမျှဖြစ်သည့် လူသားကံကြမ္မာ အသိုက်အဝန်းကို ထူထောင်ရန် တွန်းအားပေး လိုကြောင်း ပြောကြားခဲ့ပါသည်။