邹立莹

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ် ထိပ်သီးခေါင်းဆောင်များ ဗီဒီယို အစည်းအဝေးကျင်းပ

(GMT+08:00)2020-08-25 15:00:51  

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ယခုလ ၂၄ရက်နေ့တွင် ဗီဒီယိုနည်းလမ်းဖြင့် ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အစည်းအဝေးတွင် လန်ချန်း-မဲခေါင် ၆နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ လက်တွေ့ကျသော ဆောင်ရွက်ချက်များကို အဆိုပြုတင်ပြခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်  ရေဘေးဒုက္ခ၊ မိုးခေါင်ရေရှားမှုများ ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းရေးအတွက် ယခုနှစ်မှစ၍ တရုတ်ပြည်သည် မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံများနှင့် တစ်နှစ်ပတ်လုံး လန်ချန်းမြစ်၏ ဇလဗေဒဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို အတူမျှဝေပြီး လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး သတင်းအချက်အလက် အတူမျှဝေရေး ပလက်ဖောင်းကို အတူတည်ထောင်ကြမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု သီးသန့်ရန်ပုံငွေ မူဘောင်အတွင်း အများပြည်သူကျန်းမာရေး သီးသန့် ရန်ပုံငွေကို ထားရှိပြီး မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများအား ရောဂါတိုက်ဖျက်ရေး ပစ္စည်းနှင့် နည်းပညာကူညီထောက်ပံ့မှုများကို တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးပေးကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သုတေသနပြု ဖော်ထုတ်သုံးစွဲပြီးနောက် မဲခေါင် မြစ်ဝှမ်း နိုင်ငံများအား ဦးစားပေးမည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းကို အဟန့်အတားမရှိစေရေး တစ်ဆင့်တိုး ဆောင်ရွက်ပြီး တရုတ်ပြည် အနောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အခြားအာဆီယံ နိုင်ငံများ၏ အင်အားများကို ဖော်ထုတ်ကာ မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံများတွင် ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်၍ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်များသည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးမှုသစ်ကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ယခုအကြိမ် အစည်းအဝေးသည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်းတွင် နောက်ထပ် အရေးကြီး ခရီးမှတ်တိုင်တစ်ခု ဖြစ်ပြီး တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုနှင့် သဘော တူညီမှုများ ထိန်းသိမ်းကာကွယ်ရေးကို တွန်းအားပေးကာ ၄င်းဒေသတွင် ပူးပေါင်း ဆောင်ရွက်ရေး ပုံစံသစ်ကို ဖန်တီးပေး၍ လန်ချန်း-မဲခေါင် နိုင်ငံများ ကံကြမ္မာ အသိုက်အဝန်းကို အတူတည်ဆောက်ရေးအတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။