马宁

တရုတ်မြန်မာ ဆွေမျိုးပေါက်ဖေါ် နှစ် (၇၀) ပြည့်ပြီနော်

(GMT+08:00)2020-06-10 14:01:44  

图片默认标题_fororder_t2

       မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ (၈) ရက်နေ့ တွင် စတင်ထူထောင်ခဲ့သည့်အတွက် ယခု ၂၀၂၀ ပြည့်နှစ် ဇွန်လ (၈) ရက်နေ့တွင် ဆွေမျိုး ပေါက်ဖေါ်ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမှာ နှစ် (၇၀) တိုင်ခဲ့ပြီဖြစ်ပါသည်။ သံတမန် ဆက်ဆံရေး နှစ် (၇၀) ပြည့်အခမ်းအနားများကိုလည်း နှစ်နိုင်ငံစလုံးတွင် ကျင်းပကြပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များ ခေတ်အဆက်ဆက်ပြောင်းလဲခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု သံတမန်ဆက်ဆံရေးကို အစိုးရအဆက်ဆက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းခဲ့ကြပြီး နိုင်ငံ့ခေါင်းဆောင်ပိုင်းတွင် သာမက ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရန် အတွက်ပါ အားထုတ်ကြိုးပမ်းခဲ့ကြပါသည်။  နှစ်နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များ၊  နှစ်နိုင်ငံ သံတမန်များ၊ နှစ်နိုင်ငံ မီဒီယာများ၊ နှစ်နိုင်ငံ ယဉ်ကျေးမှု အဖွဲ့များ၊ နှစ်နိုင်ငံ အနုပညာရှင်များ စသဖြင့် မြန်မာ တရုတ် နှစ်နိုင်ငံအကြား ပေါင်းကူးဆက်ဆံခဲ့သည့် ပုံရိပ်ပေါင်းများစွာ ထင်ဟပ်ခဲ့သည်မှာလဲ နှစ် (၇၀) တိုင်ခဲ့ပြီဖြစ်ပါသည်။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် လွန်ခဲ့သည့် နှစ် (၄၀) ခန့်က ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ရေးမူဝါဒကို စတင်ကျင့်သုံး ချိန်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စီးပွါးရေးနှင့်လူမှုရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ယနေ့အချိန်အခါတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာတွင် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနှင့်ဒုတိယစီးပွါးရေးအင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရောက်ရှိနိုင်ခဲ့ပြီဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် တရုတ်နိုင်ငံတော် ဉက္ကဌ ရှီကျင့်ဖိန်သည် ၂၀၂၀ ပြည့်နှစ်၏ ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၁၈) ရက်နေ့ထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC.2) တွင် ကျင်းပသည့် မြန်မာ တရုတ် သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှင့်အတူ အခမ်းအနားသို့တက်ရောက်ပြီး မြန်မာ တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီး သွားလာရေး နှစ် စတင်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်အတူ စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးခဲ့ပါသည်။ တရုတ်နိုင်ငံတော် ဉက္ကဌ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံတော် ဒုတိယဉက္ကဌအဖြစ် တာဝန်ထမ်းဆောင်ချိန် ၂၀၀၉ ခုနှစ်တုန်းကလဲ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းသည် ၁၉၅၄ ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ (၂၉)ရက်နေ့ထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် နယ်နိမိတ်စာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ပါသည်။ မြန်မာ တရုတ် နှစ်နိုင်ငံသည်  နယ်နိမိတ်ခြင်း ရှည်လျားစွာ ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံခေါင်းဆောင် များအကြားတွင် သာမက ပြည်သူများအကြားပါ ချစ်ကြည်ရင်းနှီးမှုများ ရှိခဲ့ကြပါသည်။ ရှေးယခင် ကပင်ရှိခဲ့ကြသည့် ချစ်ကြည်ရင်းနှီးမှုများကိုအခြေခံပြီး ယနေ့ခေတ်တွင်လည်း ပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု များကို ဆက်လက်တည်ဆောက်လျက်ရှိရာ စာရေးသူသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့မှ စတင်၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံ မြို့တော် ဘေဂျင်းတွင် ကျင်းပသည့် Radio and TV Management For Developing Countries ခေါင်းစဉ်ဖြင့် (၂၁) ရက်တာ သွားရောက်ပြီး Seminar တက်ခဲ့ရပါသည်။ Seminar တက်ခဲ့သည့် (၂၁) ရက်အတွင်း မြို့တော် ဘေဂျင်းရှိ ကမ္ဘာကျော် မဟာတံတိုင်း တရုတ်ရှေးဟောင်းနန်းတော် စသည့် နာမည်ကြီးနေရာများသို့ သွားရောက် လည်ပတ် ခွင့်ရခဲ့သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တ,လျှံ မြို့သို့လည်း သွားရောက်လည်ပတ်ခွင့်ရခဲ့ပါသည်။ မြို့တော် ဘေဂျင်းရှိ CRI (China Radio International) အသံလွှင့်ဌာနသို့လည်း သွားရောက်ခွင့်ရခဲ့သလို CRI မြန်မာပိုင်းအစီအစဉ်တွင်လည်း တွေ့ဆုံဆွေးနွေးခန်းပြုလုပ်ခဲ့ရပါသည်။  စာရေးသူသည် မြန်မာ့အသံ ရေဒီယို မြန်မာပိုင်းအစီအစဉ်တွင်  အနောင်ဇာတစ်ယောက် ဖြစ်သည် နှင့်အညီ ထိုအချိန်မှစ၍ စိတ်ထဲတွင် CRI မြန်မာပိုင်း အစီအစဉ်တွင် တာဝန်ထမ်းဆောင်လိုစိတ်များ ကိန်းအောင်းခဲ့ရပါသည်။ စာရေးသူနှင့် တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းသည် ရေစက်ပါသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာ တရုတ်ချစ်ကြည်ရေး၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် CRI အသံလွှင့်ဌာနတို့ နှစ်နိုင်ငံ မီဒီယာချင်း စာချုပ်-ချုပ်ဆိုပြီး ပထမဦးဆုံးသော တရုတ်-မြန်မာ နိုင်ငံခြားဇာတ်လမ်းတွဲ အသံသရုပ်ဆောင်ရန် တရုတ်မီဒီယာများ မြန်မာ့အသံရုံးချုပ်ရှိရာ နေပြည်တော်သို့ လာရောက် အသံစစ်ဆေး လူတွေ့မေးမြန်းခြင်းများပြုလုပ်ရာ စာရေးသူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ထို့နောက် မြန်မာ့အသံမှ ဝန်ထမ်း (၃) ဦး၊ ရုပ်ရှင် သရုပ်ဆောင်များဘက်မှ မိုးအောင်ရင်၊ စည်သူမောင်၊ သီရိရှင်းသန့်တို့ (၃) ဦး အတူတကွ ရွေးချယ်ခြင်းခံရပြီး မြို့တော် ဘေဂျင်းသို့ ဒုတိယအကြိမ်အဖြစ် ဖေဖေါ်ဝါရီ လလယ်ခန့်မှ ဧပြီလလယ်ခန့်ထိ  (၂) လခန့် အသံသရုပ်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသလို CRI အသံလွှင့်ဌာနသို့လဲ သွားရောက်ကာ ရိုက်ကူးရေးများပြုလုပ်ရခြင်း တွေ့ဆုံ မေးမြန်းခန်းများ ပြုလုပ်ခဲ့ရခြင်းများ ဆောင်ရွက်ခဲ့ရသည့်အတွက် CRI မြန်မာပိုင်းအစီအစဉ်ရှိ မြန်မာစကား ပြောကြားတတ်သော တရုတ်လူမျိုးများနှင့်ပါ ချစ်ခင်ရင်းနှီးခွင့်ရခဲ့ရပါသည်။ အသံ သရုပ်ဆောင်စဉ် (၂) လခန့်ကို CRI Media Center တွင်နေထိုင်ခွင့်ရခဲ့သည့်အတွက် CRI တွင် တာဝန်ထမ်းဆောင်လိုသော စိတ်များ ပိုမိုပြင်းထန် ခဲ့ရပါသည်။ မြို့တော်ဘေဂျင်းတွင် (၂)လ တာ နေထိုင်စဉ်အတွင်း ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပါယ် တော်မူရာ လင်ကွမ်းကျောင်းတိုက်၊ မဟာတံတိုင်း၊ ရှေးဟောင်းနန်းတော်၊ နွေရာသီနန်းတော်၊ ငှက်သိုက်၊ တရုတ်ရှေးဟောင်းဈေး၊ နိုင်ငံခြားသားများ အများဆုံးသွားရောက်လည်ပတ်ကြသည့် ဝမ့်ဖူးကျင်၊ စသဖြင့် နေရာစုံအောင်လည်ပတ် ခွင့်ရခဲ့သည့် အတွက် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုများ၊ တရုတ်ရိုးရာ အစားအစာများ၊ တရုတ်လူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာများကိုလဲ များစွာ လေ့လာခွင့်ရခဲ့ပါသည်။ ၂၀၁၁ Seminar လာတက်ခဲ့စဉ်ကထက် မြို့တော် ဘေဂျင်းသည် ပိုမိုတိုးတက်နေသည်ကိုလဲ တွေ့ရှိခဲ့ရပါသည်။ အသံသရုပ်ဆောင်ခြင်းများ ပြီးမြောက်သည့်အခါ စာရေးသူတို့အဖွဲ့ မြန်မာပြည် ပြန်ခါနီးတွင် (၂) လခန့် မိုးလင်းမှမိုးချုပ်ထိ အတူတကွ အလုပ် လုပ်ကိုင်ခဲ့ကြသော CRI ရုပ်ရှင်ဌာနမှ ဒုညွှန်မှူးဆရာမတို့ မိသားစု (၃) ဦး၊ အသံဒါရိုက်တာနှင့် အသံဖမ်းအင်ဂျင်နီယာ၊ မြန်မာဘာသာ ပြန်တရုတ်မလေး၊ စသဖြင့် တရုတ်အဖွဲ့ နှင့်မြန်မာအဖွဲ့ မျက်ရည်မဆည်နိုင်အောင် အလွမ်းသည်ခဲ့ ကြသည်မှာလဲ စာရေးသူ၏ဘဝတွင် မည်သည့်အခါမျှ ဖျောက်ဖျက်၍ မရနိုင်တော့မည့် ပုံရိပ်များအဖြစ် ထင်ကျန်နေခဲ့ပါသည်။ လေယာဉ်ကွင်း တွင်လည်း နှုတ်ဆက်၍မဆုံးနိုင်အောင် အပြန်အလှန် လက်ပြကြရင်း နိုင်ငံတွေခြားသော်လည်း နှလုံးသားထဲမှ မေတ္တာစိတ်များနီးကြသည့် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရင်းနှီးမှုကို သက်သေထူခဲ့ ကြပါသည်။ သည်လိုနှင့် ၂၀၁၄ ခုနှစ်တွင် စက်တင်ဘာလမှ အောက်တိုဘာလထိ ဒုတိယအကြိမ်အဖြစ် CRI အသံလွှင့် ဌာနသို့ သွားရောက်ကာ အသံသရုပ်ဆောင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရခဲ့ပြန်ပါသည်။ ယခုအကြိမ် တွင်တော့ မြန်မာ့အသံမှ ဝန်ထမ်း (၁၁) ဦးနှင့် သရုပ်ဆောင် စည်သူမောင်တို့ အတူတူ သွားရောက် သရုပ်ဆောင်ခွင့်ရခဲ့ကြပါသည်။ ချစ်ခင်ရင်းနှီးပြီးသား CRI ရုပ်ရှင်ဌာနမှ ဒုညွှန်မှူး ဆရာမတို့မိသားစု ၊ အသံဒါရိုက်တာ၊ အသံဖမ်းအင်ဂျင်နီယာ ၊ ဘာသာပြန်ညီမလေး၊ သူတို့တွေနဲ့ ပြန်လည်ဆုံတွေ့ခွင့် ရကြသည့်အတွက် သူတို့ရော စာရေးသူတို့အဖွဲ့ပါ ပျော်ရွှင်မဆုံးဖြစ်ကြရ ပြန်ပါသည်။ ဒီလိုနဲ့ အသံသရုပ်ဆောင် ခြင်းအလုပ်တွေလုပ်ကြ၊ အားလပ်ရက်တွေမှာ မြို့တော်ဘေဂျင်း ၏ မရိုးနိုင်သော အထင်ကရ နေရာများကို ထပ်ခါတလဲလဲ လည်ကြပတ်ကြ၊ CRI အသံလွှင့်ဌာနမှာ ရိုက်ကူးရေးတွေ လုပ်ကြရင်း နှစ်လနီးပါးအချိန်တွေမှာ ချစ်ခင်မှုတွေ ပိုတိုးခဲ့ကြသလို တရုတ်ပြည်နဲ့လဲ တော်တော်လေးကို နေသားတကျဖြစ်လို့လာခဲ့ပါသည်။ အသံသရုပ်ဆောင်ခြင်းလုပ်ငန်းများ ပြီးမြောက်ချိန်တွင် ယခင် တစ်ခေါက်ကကဲ့သို့ မျက်ရည်များနှင့် နှုတ်ဆက်ကြရပြန်ပါသည်။ ဘာသာစကားများမတူသော်လည်း နှစ်လနီးပါး  နှစ်ကြိမ် အလုပ်တူတူလုပ်ခဲ့ကြသူတွေဖြစ်သည့်အတွက် တစ်ယောက်၏စိတ်သဘောကို တစ်ယောက်က နားလည်နေကြပြီး တစ်ယောက်ဖြစ်ချင်သည့်ဆန္ဒမှာ ဘာဆိုသည်ကိုလဲ ခန့်မှန်းမိနေ ကြပြီဖြစ်ပါသည်။ ဒါသည် နှလုံး သားထဲမှ ချစ်ခင်ရင်းနှီးမှု များကြောင့် ဆိုသည်မှာ အသေအချာ ပင်ဖြစ်ပါသည်။ မြို့တော် ဘေဂျင်းသို့ (၃) ကြိမ်တိုင်တိုင်ရောက်ရှိခဲ့ပြီး နှစ်ကြိမ် မှာ CRI Media Center တွင်နေထိုင်ခွင့်ရခဲ့သောကြောင့် CRI အသံလွှင့် ဌာနနှင့်လဲ စာရေးသူ ရင်းနှီးနေပြီဖြစ်ပါသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ CRI အသံလွှင့်ဌာနမှာ တာဝန်ထမ်း ဆောင်ခွင့် ရ,ရမည် ဆိုသည့် ရည်ရွယ်ချက်ကိုလဲ အမြဲတမ်းဆုပ်ကိုင်ထားခဲ့မိပါသည်။ ၂၀၁၅ ခုနှစ်တွင်တော့ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CRI အသံလွှင့်ဌာနတို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာရေးထိုးပြီး CRI အသံလွှင့်ဌာနတွင် (၂) နှစ်တာ၊ တာဝန်ထမ်းဆောင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံမှ ဝန်ထမ်းစေလွှတ်ရန်သဘောတူခဲ့ပါသည်။ ထိုသို့ ဝန်ထမ်းစေလွှတ်ရန် သတ်မှတ်ချက် နှင့်ကိုက်ညီသည့်ဝန်ထမ်းများ ဝင်ရောက်ဖြေဆိုခွင့်ရကြသည့် သူများထဲတွင် စာရေးသူလဲ အပါအဝင်ဖြစ်ပါသည်။ စာရေးသူသည် ထိုစာမေးပွဲကို အတိမ်းအစောင်း မခံနိုင်ပဲ စနစ်တကျ သေချာ ပြင်ဆင်ပြီး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့ပါသည်။ စာရေးသူ အနှစ်နှစ် အလလက မက်ခဲ့သည့် အိမ်မက်ကို အကောင်အထည်ဖေါ်ခွင့်ရခဲ့ပြီ ဖြစ်သည့်အတွက် ဖေါ်မပြ နိုင်လောက်အောင် ဝမ်းသာခဲ့ရပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ဘေဂျင်းတွင် (၂) နှစ်တာ တာဝန်ထမ်းဆောင်ရန် လိုအပ်သည်များ ပြင်ဆင်ကာ ၂၀၁၆ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် မြန်မာပြည်မှ Air China လေယာဉ်ဖြင့် ထွက်ခွါလာစဉ် စာရေးသူရင်ထဲ၌ ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရပါသည်။ ဝမ်းနည်းသည်မှာ အမိမြေ၊ မိသားစု၊ အလုပ်ဌာနနှင့် (၂) နှစ်တာမျှ ခွဲခွါရမည်ဖြစ်သဖြင့် ဝမ်းနည်းရခြင်းဖြစ်ပြီး၊ ဝမ်းသာရ သည်မှာ စာရေးသူ အနှစ်နှစ်အလလက မက်ခဲ့သည့် CRI မြန်မာပိုင်းအစီအစဉ်တွင် တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သဖြင့်ဝမ်းသာရခြင်းဖြစ်ပါသည်။ မြို့တော် ဘေဂျင်းသို့ ခြေချလိုက်သည်နှင့် မှုန်ရီဝေဝါးနေ သော နိုဝင်ဘာနှင်းမှုန်များနှင့်အတူ အသည်းခိုက်အောင် ချမ်းအေးလှသည့် ဘေဂျင်းဆောင်းက နွေးထွေးစွာဆီးလို့ကြိုနေပါသည်။ (၃) ကြိမ်တိုင်တိုင်ရောက်ခဲ့ ဖူးသည့် မြို့တော်ဘေဂျင်းကတော့ တစ်နှစ်ထက်တစ်နှစ် မမှတ်မိနိုင်လောက်အောင် တိုးတက်ထွန်းကား လျက်ရှိနေပါသည်။ CRI မြန်မာပိုင်းအစီအစဉ်မှ လာကြိုသော ညီမလေးနှင့်အတူ CRI ရုံးကားကိုစီးပြီး CRI Media Center ရှေ့ကိုအရောက် (၂) ကြိမ်တိုင်တိုင် (၂) လခန့်စီ နေထိုင်ခဲ့ဖူးသော CRI Media Center ကြီးက စာရေးသူအလာကို မျှော်နေသလို စိတ်ထဲထင်လိုက်မိပါသည်။ ရင်းနှီးပြီးသား နေရာတစ်ခုကို ပြန်လည်ခြေချခွင့်ရလိုက်သည့်အခိုက် ယခင်က ရင်းနှီးခဲ့ဖူးသော အထိအတွေ့၊ နေရာဟောင်းလေးကို ပြန်လည်ရောက်ရှိလာသည့်ခံစားချက်မှာ စိတ်ထဲ၌ ပီတိဖြစ်ရသလို မိသားစု ဟောင်းလေးနဲ့ပြန်လည် ဆုံတွေ့ခွင့်ရသကဲ့သို့ လှိုက်ခနဲလည်း ခံစားလိုက်ရပါသည်။ ယခင်က (၂) လခန့်စီ (၂) ကြိမ်နေထိုင်ခဲ့ဖူးသော နေရာလေးတွင် ယခုတစ်ကြိမ် (၂) နှစ်နေရမည် ကို တွေးကြည့်လိုက်တော့ အမိမြေကိုလွမ်းသည့် စိတ်ကလဲ ရင်ထဲမှာနေရာယူသွားပြန်ပါသည်။ စိတ်ခံစားချက်ပေါင်းများစွာဖြင့်  CRI Media Center ကြီးနှင့်တွဲလျက် CRI နိုင်ငံခြားသားများနေထိုင်ရာ ဝန်ထမ်းအိမ်ယာဆီ တက်လှမ်းလာရင်း CRI မြန်မာပိုင်း အစီအစဉ်မှ ညီမလေးက စာရေးသူ နေထိုင်ရမည့်အခန်းအား လိုက်လံပြသပေးပါသည်။ ထို့နောက် နေ့ခင်း (၃) နာရီတွင် နိုင်ငံခြားသား ဝန်ထမ်းရေးရာဌာနတွင် စာချုပ် ချုပ်ဆိုရန်ပြောပြပြီး စာရေးသူ လိုအပ်သည်များကို Shopping Centre တွင်လိုက်လံဝယ်ခြမ်းပေးခဲ့ပါသည်။ အဲ့ဒိနောက် အခန်းပြန်အနားယူကာ နေ့လယ်ဘက်တွင်တော့ CRI နိုင်ငံခြားသားဝန်ထမ်းရေးရာဌာနတွင် စာချုပ် ချုပ်ပြီး CRI မြန်မာပိုင်းအစီအစဉ်တွင် တာဝန် ထမ်းဆောင်ခြင်း စတင်ပါတော့သည်။ ယခင်ကလဲရင်းနှီးပြီးသား CRI မြန်မာပိုင်းအစီအစဉ်မှ မြန်မာ စကား တတ်သောတရုတ်လူမျိုး ဝန်ထမ်းများ၏ ဖေါ်ရွေကူညီမှု၊ ချစ်ခင်ရင်းနှီးမှု၊ စောင့်ရှောက်မှုများကြောင့် CRI မြန်မာပိုင်း အစီအစဉ်တွင် တာဝန်ထမ်းဆောင်ရသည်မှာ အခက်အခဲမရှိပဲ မိမိ၏မိခင်ဌာနမှ ဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်နေရသကဲ့သို့  လွတ်လပ်ပေါ့ပါးမှုများ၊ ပျော်ရွှင်မှုများ ခံစားခဲ့ရပါသည်။ ရုံးပိတ်ရက်များတွင် ယခင်က ရောက်ခဲ့ဖူးပြီးသားနေရာများ၊ မရောက်ခဲ့ဖူးသေးသော နေရာများသို့ မြန်မာပြည်မှ ပညာတော်သင်များနှင့် သွားရောက်လည်ပတ် ခဲ့ကြသည်မှာလဲ မြို့တော် ဘေဂျင်း တွင် (၂)နှစ်တာ နေထိုင်စဉ် အမှတ်တရ များစွာဖြစ်ခဲ့ရပါသည်။ ဆောင်းတွင်းဘက်တွင် နှင်းလျှောများစီးခြင်း၊ ရေခဲပြင်ပေါ်တွင် စကိတ်စီးခြင်း၊ နှင်းများ အဆုပ်လိုက် အခဲလိုက် ကျလာသည့်အချိန်တွင် နှင်းတောထဲတွင် ဓါတ်ပုံရိုက်ခြင်း ၊ နွေဦးရာသီနှင့်နွေရာသီတွင် တစ်မြို့လုံးအနှံ့ပွင့်နေကြသော ချယ်ရီပန်းများ၊ နှင်းဆီပန်းများ၊ ကျူးလစ်ပန်းများနှင့် ဓါတ်ပုံရိုက်ခြင်း မှန်တံတားများနှင့် ရှုခင်းသာနေရာများသို့သွားရောက်လည်ပတ်ခြင်းများဖြင့် မမောနိုင် မပန်းနိုင် ဘေဂျင်းရဲ့ နေ့ရက်တိုင်းတွင်ပျော်ရွှင်ခဲ့ရပါသည်။ CRI တွင် (၂) နှစ်တာ တာဝန်ထမ်းဆောင်စဉ်အတွင်း တာဝန်ဖြင့် တခြား ပြည်နယ်များ၊ မြို့များသို့ သွားရောက်ခွင့်ရခဲ့ပါသည်။ မြန်မာ့ရာဇဝင်သမိုင်းတွင် နာမည်တွင် ကျန်ရစ်သော၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်တို့ စစ်ပညာတွေသင်ကြားခဲ့သော ဟိုင်နန်ကျွန်း၊ ကမ္ဘာကျော်စစ်သားရုပ်များတည်ရှိရာ ရှန်ရှီးပြည်နယ် ရှီးအမ်းမြို့၊ ယူနန်ပြည်နယ် ကူမင်းမြို့၊ မြန်မာပြည်မှ ပြင်ဦးလွင်ကဲ့သို့ တောင်ပေါ်မြို့လေးနှင့်တူသော ကွေ့ကျိုးပြည်နယ် သူးယွင်မြို့ အစရှိသော မြို့များသို့ CRI မှ နိုင်ငံခြားသားဝန်ထမ်းများ၊ CRI မြန်မာပိုင်းအစီအစဉ်မှ တရုတ်မလေးများနှင့် အတူတူ သွားရောက်ကာ အစီအစဉ်များရိုက်ကူးခြင်း၊ သတင်းများရယူခြင်း၊ ဆွေးနွေးခန်းများပြုလုပ်ခြင်းတို့ပြုလုပ်ခွင့်ရခဲ့သည်မှာ စာရေးသူအတွက် ဒေသန္တရဗဟုသုတများစွာ ရရှိခဲ့ပါသည်။ ဟိုင်နန်ကျွန်းခရီးစဉ်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်တို့ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် စစ်ပညာများ သင်ယူခဲ့သည်မှာ သည်နေရာပါလား ဆိုသည့်စိတ်ဖြင့် ဗိုလ်ချုပ်တို့ စစ်ပညာသင်ယူခဲ့သည့်နေရာကို ရောက်ဖူးပြီဖြစ်သည့်အတွက် ဂုဏ်ယူစိတ် များနှင့်အတူ မြန်မာ တရုတ် ချစ်ကြည်ရေးသည် နှစ်ပေါင်းများစွာကပင်ရှိခဲ့ပြီး ဖြစ်သည်ဆိုသည့် အချက်ကိုလဲ သတိပြုမိခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံသည် ယနေ့ကာလ ဆက်ဆံရေးမှာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်ထိ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်သည့် အတွက် အပြန် အလှန် လေးစားမှုနှင့်နားလည်မှုတို့ကို အခြေခံကာ ကဏ္ဍအများအပြားတွင် ပူးပေါင်း ဆောင်ရွက်မှုပေါင်း များစွာကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာသည်နှင့်အညီ ပညာရေးကဏ္ဍ တွင်လည်း မြန်မာပြည်နယ်ပယ်စုံမှ ပညာရှင်များကို တရုတ်နိုင်ငံမှ ပညာတော်သင်ဆုများ ချီးမြှင့်ပြီး ပညာသင်ယူစေခဲ့ရာ စာရေးသူနှင့် မြန်မာပြည်မှ ပညာတော်သင်များသည် ဘေဂျင်းတွင် ခင်မင်ရင်းနှီးခဲ့ကြပါသည်။ ရုံးပိတ်ရက် ကျောင်းပိတ်ရက် များတွင် မြန်မာပြည်မှ ပညာတော်သင်များနှင့် စာရေးသူနေအိမ်တွင်စုကာ မြန်မာအစားအစာများ ချက်ပြုတ်စားသောက်ခဲ့ရသည် အမှတ်တရများကို ယနေ့တိုင်အမှတ်ရနေဆဲဖြစ်ပါသည်။ စာရေးသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြို့တော်ဘေဂျင်း CRI အသံလွှင့်ဌာနတွင် တာဝန်ထမ်းဆောင်နေစဉ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပထမအသုတ်မနေဖြင့် မြန်မာပြည်မှ မွေးရာပါနှလုံးရောဂါရှင်ကလေးငယ်များအား ဘေဂျင်းရှိ အမ်းကျိန်း ဆေးရုံကြီး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ အကုန်အကျခံခွဲစိတ်ကုသပေးခဲ့ရာ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘေဂျင်းခရီးစဉ်တွင် ထိုကလေးများအား ၂၀၁၇ ခုနှစ် မေလ (၁၇) ရက်နေ့၌ အမ်းကျိန်း ဆေးရုံကြီးသို့ လာရောက် ကြည့်ရှု အားပေးခဲ့သည့် သတင်းအား CRI ဌာနအတွက် သတင်းရယူ ပေးခဲ့သည်မှာလဲ စာရေးသူအတွက် ဂုဏ်ယူကျေနပ်ဖွယ်ဖြစ်ခဲ့ရပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ် ဧပြီလတွင် ဘေဂျင်း၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဖိုရမ်သို့လည်း တက်ရောက်ခဲ့ပါသည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ၊ စီးပွါးရေး ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက် မှုများဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးပွါးစေခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်မှုမိတ်ဖက် နိုင်ငံဖြစ်သလို နှစ်နိုင်ငံအကြား နီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှု နှင့် မိတ်ဖက်ဆက်ဆံရေး များကြောင့် စာရေးသူသည်လည်း အမိမြေပြင်ပတွင် မြန်မာပြည်မှ ပညာတော်သင်များနှင့် ခင်မင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ အမိမြေတွင် တစ်ယောက် တစ်နေရာစီ တာဝန်ထမ်းဆောင် နေကြရသော်လည်း အမိမြေပြင်ပတွင် တွေ့ဆုံခွင့်ရကြခြင်း၊ အချင်းချင်း ဖေးမကူညီမှု စောင့်ရှောက်မှု များဖြင့်ညီအစ်မ အရင်းများသဖွယ် ချစ်ခင်ရင်းနှီးမှုရကြခြင်း၏ ပေါင်းကူးမှာ မြန်မာ တရုတ် နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေးများကြောင့် ဖြစ်သည်ဆိုသည်မှာ အငြင်းပွါးဖွယ် မရှိသည့် အမှန်တရားပင်ဖြစ်ပါသည်။ စာရေးသူသည် တရုတ်နိုင်ငံ သို့ အကြိမ်ကြိမ်သွားရောက်ခွင့်ရခဲ့သလို နှစ်ချီ၍ တာဝန်ထမ်းဆောင်ခွင့်လဲ ရခဲ့သည့်အတွက် တရုတ် လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ လ,အလိုက်ကျင်းပလေ့ ရှိသောပွဲတော်များ ကိုလည်း ကောင်းစွာသိရှိနားလည်ခဲ့ရပါသည်။ တာဝန်ထမ်း ဆောင်သည့် CRI ဌာနမှဝန်ထမ်းများနှင့်သာမက ဈေးဝယ်စင်တာမှဈေးသည်များ၊ အသီးရောင်းသူများနှင့်ပါ ပြောဆို ဆက်ဆံမှု အဆင်ပြေစေရန် စာရေးသူသည် တရုတ်ဘာသာစကားကို လေ့လာသင်ယူခဲ့ရာ အနည်းငယ် ပြောတတ် ဆိုတတ်ရှိခဲ့ပါသည်။ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရာတွင် ဘာသာစကားသည် အရေးပါ လှသည့်အချက်ကိုလဲ စာရေးသူ သတိပြုမိခဲ့ပါသည်။ စာရေးသူ ဈေးဝယ်ထွက်သည့်အခါ ကြိုးစား၍ တရုတ်လိုပြောခြင်းကို တရုတ်လူမျိုးတို့နှစ်သက်သဘောကျကာ ဆက်ဆံရေး ပိုမို အဆင်ပြေသလို တစ်ဦးနှင့်တစ်ဦးကြား ချစ်ခင်မှုများလဲ တိုးပွါးခဲ့ပါသည်။ စာရေးသူတို့ နှစ်နိုင်ငံကြား နီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို အဓွန့်ရှည်အောင် ဆက်လက်ထိန်းသိမ်း ထားရမည် ဖြစ်ပါသည်။ ကမ္ဘာတည်သ၍ မြန်မာ တရုတ် ချစ်ကြည်ရေး ရေရှည် တည်တံ့ခိုင်မြဲနေရမည်ဖြစ်ပါသည်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုပေါင်း မြောက်များစွာဖြင့် နှစ်နိုင်ငံပြည်သူများ အကြားတွင်လဲ ရင်းနှီးချစ်ခင်မှုများ သံယောဇဉ်ကြိုးများ တိုးလို့ ရစ်ပတ်ချည်နှောင် ခဲ့ကြသည်ကို တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင် ခဲ့ဖူး သူတိုင်း တရုတ်နိုင်ငံတွင် ပညာတော်သင်ဆုရခဲ့ ဖူးသူတိုင်း အားလုံးအသိပင် ဖြစ်ပါသည်။ စာရေးသူ သည် ယခုဆောင်းပါးကို ရေးနေသည့်အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ဘေဂျင်းရှိ CRI အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်မှ တရုတ်လူမျိုး ဝန်ထမ်းများအား သတိရလွမ်းဆွတ်ခြင်း များစွာ ရှိနေရပါသည်။ ယနေ့ကမ္ဘာကြီးသည် ပြောင်းလဲမှု ပေါင်း မြောက်များစွာ နှင့် ရင်ဆိုင်ဖြတ်ကျော် နေရပါသည်။ ကပ်ရောဂါကြီးဖြစ်သော COVID 19 ကို ကမ္ဘာ့နိုင်ငံအသီးသီး ရင်ဆိုင်ဖြတ်ကျော်နေရချိန် မြန်မာနိုင်ငံသည်လည်း ကပ်ရောဂါဘေးကို ရင်ဆိုင် နေရပါသည်။ တရုတ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဖက် နိုင်ငံပီသစွာ COVID 19 ကုသရန် မြန်မာပြည်သို့ ဆေးအဖွဲ့များ စေလွှတ်ပေးခြင်း၊ ဆေးပစ္စည်း နှင့်အထောက်အပံ့ပစ္စည်းများပေးပို့လှူဒါန်းခဲ့ခြင်းများဖြင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို မြင့်တက် စေခဲ့ပါသည်။ မြန်မာ တရုတ် နှစ်နိုင်ငံသည် ရှိရင်းစွဲ ချစ်ကြည် ရင်းနှီး မှုများကို အဓွန့်ရှည်အောင် ဆက်လက်ထိန်းသိမ်း သွားကြရင်း နှစ်နိုင်ငံကြား ပြည်သူချင်းပါ ချစ်ကြည် ရင်းနှီးမှုကို ယခုထက် ပိုတိုးလို့ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ မဲခေါင်မြစ်ကြီးစီးဆင်းနေသ၍၊ ကမ္ဘာတည်နေသ၍ နယ်နိမိတ် ချင်းထိစပ်နေကာ အိမ်နီးချင်း အဖြစ် ဆက်လက်တည်ရှိနေမည့် မြန်မာ တရုတ် နှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည် ရင်းနှီးသည့်ဆက်ဆံရေး နှစ် (၇၀)မှ သည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်မြင့်မား လာစေရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရင်း နှစ်နိုင်ငံအတွက် ပိုမိုလှပသည့် အနာဂါတ်ကို တည်ဆောက် သွားကြရမည် ဖြစ်ပါကြောင်း  မြန်မာ တရုတ် သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့်ကို ဂုဏ်ပြု လိုက်ရ ပါသည်။