တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယမန်နေ့ ၁၃ ရက်နေ့က ပီကင်းမြို့တွင်ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယိုအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။
ယခုအကြိမ်ဗီဒီယိုအစည်းအဝေးကို ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်က ကြီးမှူးကျင်းပပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်နှင့် ဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန အမှုဆောင်ကော်မတီ ဥက္ကဋ္ဌတို့ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် COVID-19ရောဂါရင်ဆိုင်ရေး ဆိုင်ရာ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။