တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၈ ရက်နေ့ ညက တူရကီသမ္မတ Erdoan နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တူရကီနိုင်ငံ၏ လိုအပ်ချက်အရ တူရကီ COVID-19ရောဂါ တိုက်ဖျက်ရေးအတွက် အကူအညီများ ဆက်လက်ပေးလိုပါကြောင်း၊ တူရကီက တရုတ်နိုင်ငံမှ ဆေးကုပစ္စည်းများဝယ်ယူရေး အဆင်ပြေစေရန်အတွက် အကူအညီ ပေးလိုပါကြောင်း၊ သမ္မတ၏ ဦးဆောင်မှုဖြင့် တူရကီသည် COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် အနိုင်ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
တူရကီသမ္မတ Erdoanကလည်း တရုတ်နိုင်ငံက တူရကီ၏ ရောဂါ တိုက်ဖျက်ရေးကို ထောက်ပံ့ပေးခြင်းနှင့် တူရကီက တရုတ်ပြည်၌ ဆေးကုပစ္စည်းများ ဝယ်ယူရေး အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တူရကီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ငွေရေးကြေးရေး၊ လေကြောင်း စသော နယ်ပယ်များတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။