徐敏霞

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မြန်မာခရီးစဉ် အကြောင်း ဝမ်ယိ ပြောဆို

(GMT+08:00)2020-01-19 10:31:00  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ခဲ့ပါသည်။ ခရီးစဉ် အပြီးတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်အကြောင်းနှင့် ပတ်သက်ပြီး သတင်းထောက်များအား ရှင်းလင်းပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝမ်ယိက၊ ယခုအကြိမ် ခရီးစဉ်သည် တရုတ်ပြည်၏ အိမ်နီးချင်းနိုင်ငံ၌ အရေးကြီး သံတမန် လှုပ်ရှားမှု တစ်ရပ် ဖြစ်ပြီး အချိန် တိုတောင်းသော်လည်း အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် သက်ဆိုင်ရာ လှုပ်ရှားမှု ၁၂ ကြိမ်သို့ တက်ရောက်ပြီး၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရှေ့မှောက်၌ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေး စာတမ်း ၂၉ ခုကို ချုပ်ဆိုခဲ့ကြကြောင်း၊ နှစ်ဖက်တို့သည် ပူးတွဲ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ပြောကြားပါသည်။

ဝမ်ယိက၊ မြန်မာ အလွှာပေါင်းစုံတို့သည် ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်ကို မြင့်မားစွာ တန်ဖိုးထား ချီးကျူးပါကြောင်း၊ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ် ၇၀ ပြည့် အခါသမယတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌက မြန်မာနိုင်ငံကို တရားဝင် ခရီးလှည့်လည်ခြင်းသည် နှစ်နိုင်ငံအကြား နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြသနေ၍ နှစ်နိုင်ငံ ဘိုးစဉ်ဘောင်ဆက် ချစ်ကြည်ရေး အခန်းကဏ္ဍသစ်ကိုလည်း ဖှစ်လှစ်ပေးသည်ဟု ယူဆကြကြောင်း၊ နိုင်ငံတကာ မီဒီယာများသည်လည်း ယခုအကြိမ် ခရီးစဉ်ကို မြင့်မားစွာ အာရုံစူးစိုက်ပြီး၊ တရုတ် ထိပ်သီးခေါင်းဆောင်၏ သံတမန် ဆောင်ရွက်မှုသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ခေတ်ကာလသစ်သို့ တက်လှမ်းရန် ဦးဆောင်ပြီး၊ Belt and Road တည်ဆောက်မှုတွင် အရေးကြီး တိုးတက်မှု ရှိသည်ဟု ကျယ်ပြန့်စွာ ယူဆကြကြောင်း ပြောကြားပါသည်။

တရုတ်နှင့် ဗီယက်နမ် ဥက္ကဋ္ဌများ၊ ဝန်ကြီးချုပ်များသည် တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၇၀ ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့

ယခုလ ၁၈ ရက်နေ့သည် တရုတ်-ဗီယက်နမ် သံတမန် ဆက်ဆံရေ ထားရှိခြင်း နှစ် ၇၀ ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ နွမ်ဖူဂျုံတို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းနေ့၌ပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် ဗီယက်နမ် အစိုးရ ဝန်ကြီးချုပ် နွမ်ရွှင်ဖူတို့သည်လည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြကြောင်း သတင်းရရှိပါသည်။