徐敏霞

တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ခေတ်ကာလသစ်ကို ဖွင့်လှစ်

(GMT+08:00)2020-01-19 10:33:48  

图片默认标题_fororder_wKgACl4iQpqAOwL-AAAAAAAAAAA067.1200x675.862x485

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်ငံ တရားဝင် ခရီးစဉ်ကို ပြီးဆုံးခဲ့ပါသည်။ နှစ်ရက်အတွင်း ဥက္ကဋ္ဌ ရှီကျင့်ဖိန်က သက်ဆိုင်ရာ လှုပ်ရှားမှု ၁၂ ကြိမ်သို့ တက်ရောက်ခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရှေ့မှောက်၌ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေး စာတမ်း ၂၉ ခုကို ချုပ်ဆိုခဲ့ကြပါသည်။ နှစ်ဖက်တို့သည် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ထောင်ရန် တညီတညွတ်တည်း သဘောတူကြပါသည်။ ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး လာမည့် အဆင့်ကာလတွင် နှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို စီမံခန့်ခွဲ၍ တရုတ်-မြန်မာ ဘိုစဉ်ဘောင်ဆက် ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ခေတ်ကာလသစ်ကို ဖွင့်လှစ်လိုက်ပါသည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၇၀ ပြည့်ကို အခွင့်ကောင်း အဖြစ်ထားပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး အစဉ်အလာ ထွန်းကားအောင် ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ထောင်ရန်၊ နှစ်နိုင်ငံ ဆက်ဆံမှု ခေတ်ကာသသစ်သို့ တက်လှမ်းဖို့ တွန်းအားပေးရန် သဘောတူကြပါသည်။

Belt and Road တည်ဆောက်မှု အရည်အချင်း မြှင့်တင်ရေးသည် တရုတ်နှင့် မြန်မာနိုင်ငံတို့ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိကနယ်ပယ် ဖြစ်ပါသည်။ ယခုအကြိမ် ခရီးစဉ်အတွင်း ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ ခေါင်းဆောင်များသည် Belt and Road ကို အရည်အသွေး မြင့်မားစွာ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး အရေးကြီး သဘောတူညီမှုသစ်ကို ရရှိခဲ့ပါသည်။ ထို့ပြင် နှစ်ဖက်တို့သည် စီးပွါးကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ ကုန်ထုတ်စွမ်းအား၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး စသည့်နယ်ပယ်များမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းလာအောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လူမှု ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုများ တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို အားသစ်လောင်းပေးနေပါသည်။ နှစ်ဖက်တို့သည် ၂၀၂၀ ပြည့်နှစ်ကို တရုတ်-မြန်မာ ယဉ်ကျေးမှု ခရီးသွားလာရေးနှစ် အဖြစ် သတ်မှတ်ပြီး၊ ယခုနှစ်အတွင်း ပညာရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် လှုပ်ရှားမှု ၇၀ ကျော် ပြုလုပ်မည် ဖြစ်ပါသည်။

နှစ် ၇၀ ကြာ ကာလအတွင်း တရုတ်-မြန်မာ ချစ်ကြည်ရေးသည် ခိုင်ခံ့သော ပူးပေါင်း ဆောင်ရွက်ရေး အခြေခံများ ဖြစ်တည်လာပြီ ဖြစ်ပါသည်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှု သမိုင်းတွင် မှတ်တိုင် တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးဆောင်ကြဉ်းပေးမည့်အပြင် ဒေသတွင်းနှင့် ကမ္ဘာကြီး စည်ပင်သာယာရေးကိုလည်း အားသစ်လောင်ပေးမည် ဖြစ်သည်ဟု China Media Group မှ ဆောင်းပါး တစ်ပုဒ်ထဲမှာ ရေးသားဖေါ်ပြထားပါသည်။