ယခုလ ၁၄ ရက်နေ့က တရုတ်အစိုးရသည် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာ လုံခြုံမှု စက္ကူဖြူစာတမ်းကို ထုတ်ပြန်ပြီး တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာ လုံခြုံမှုဆိုင်ရာ မဟာဗျူဟာများကို ရှင်းလင်းဖေါ်ပြထားပါသည်။
လူဦးရေ သန်း ၁၄၀၀ ရှိသည့် တရုတ်နိုင်ငံသည် နိုင်ငံတကာ စားနပ်ရိက္ခာ လုံခြုံ ဖူလုံမှု အပေါ် အန္တရာယ် ဖြစ်စေခြင်း မရှိဘဲ အကန့်အသတ် ရှိသည့် အရင်းအမြစ်များဖြင့် ကမ္ဘာ့ လူဦးရေ အများဆုံးသော နိုင်ငံကြီး တစ်နိုင်ငံ၏ စားနပ်ရိက္ခာ လုံခြုံဖူလုံမှုကို အာမခံချက် ပေးနိုင်ခဲ့သည့် အံ့ဖွယ်ရာများကိုလည်း ဖန်တီးလိုက်သည်။ တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာ လုံခြုံဖူလုံရေး နယ်ပယ်တွင် ကြီးမာသော အောင်မြင်မှု ရရှိနိုင်ခဲ့သည့် အဓိက အကြောင်းရင်းမှာ တရုတ်နိုင်ငံက ကိုယ့်ခွန်ကိုယ့်အားကို အဓိကထားခြင်း၊ ပြည်တွင်း ဝယ်လိုအားကို အဓိကထားခြင်း၊ စားနပ်ရိက္ခာ ထုတ်လုပ်မှုကို အာမခံပေးခြင်း၊ စားနပ်ရိက္ခာကို သင့်လျော်စွာ တင်သွင်းခြင်း၊ သိပံ္ပနည်းပညာဖြင့် အထောက်အကူပြုခြင်း အပါအဝင် နိုင်ငံတော် စားနပ်ရိက္ခာ လုံခြုံဖူလုံရေး မဟာဗျူဟာကို ချမှတ်ထားပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော စားနပ်ရိက္ခာ လုံခြုံဖူလုံရေး လမ်းကြောင်းအတိုင်း ချီတက်နေခြင်း ဖြစ်ပါသည်။
လူဦးရေသည် ကမ္ဘာ့ စုစုပေါင်း လူဦးရေ၏ ၅ ပုံ ၁ ပုံ ရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံ အဖြစ်နှင့် တရုတ်နိုင်ငံက ပြည်တွင်း စားနပ်ရိက္ခာကို ဖူဖူလုံလုံ ဖြန့်ဖြူးနိုင်ခြင်းသည်ပင် ကမ္ဘာကြီး အတွက် အရေးကြီး အကျိုးပြုခြင်း ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ စားနပ်ရိက္ခာ လုံခြုံဖူလုံရေးအတွက်လည်း တက်ကြွစွာ အကျိုးပြု စွမ်းဆောင် ပေးနေပါသည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု ပြဿနာ ဖြေရှင်းရေးတွင်လည်း တာဝန် ကျေပွန်စွာ ထမ်းဆောင်နေခဲ့သည်ဟု China Media Group မှ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။ (ကျော့)