辛甜

ကုန်သွယ်ရေးစစ်ပွဲအပေါ် အမြင်သဘောထားမေးမြန်းချက်

(GMT+08:00)2019-06-26 13:58:27  

အမေရိကန်မှ တစ်ဖက်သတ်ပြုလုပ်နေသော ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်ပြီး ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်မှုအပေါ်အမြင်သဘောထားများအကြောင်း၊ ဆွေးနွေးအဖြေရှာခြင်းနှင့် ထိပ်တိုက်တွေ့ဆုံအခွန်တိုးကောက်ခြင်းများအပေါ် အမြင်သဘောထား များကို First Weekly ဂျာနယ်မှ အယ်ဒီတာချုပ်ဆရာအောင်စိုးသူနဲ့ တွေ့ဆုံမေးမြန်းထားသည်။

မေး - အမေရိကန်နိုင်ငံက တစ်ဖက်သတ်ကုန်သွယ်ရေးကာကွယ်ရေးမူဝါဒကို ကျင့်သုံးပြီး ကုန်သွယ်ရေး စစ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးတွေမှာ ဘယ်လိုထိခိုက်မှုဖြစ်နိုင်မလဲ။

ဖြေ-ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်နိုင်ငံအကြားမှာ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲ ရေရှည် မဖြစ်ဖို့ကိုပဲ ကျွန်တော်တို့ ဆုတောင်းရမှာပါဘဲ။ ဒီအင်အားကြီး (၂)နိုင်ငံရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ရေရှည်ဖြစ်ပွားတော့မယ်ဆိုရင် နှစ်နိုင်ငံစလုံး အထိနာကြမှာဖြစ်သလို ဆုံးရှုံးရမှာလည်း ဖြစ်ပါ တယ်။ အထူးသဖြင့် (၂၁)ရာစုမှာ ကမ္ဘာ့စီးပွားရေးကို ပိုမိုတုံ့နှေးသွားစေမှာကတော့  အမှန်ပါဘဲ။ ဒီကြားထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေပါ ကြားညှပ်ကုန်ကြမှာလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ သမ္မတထရန့် လက်ထပ်မှာ စစ်မျက်နှာဖွင့်လွန်းအားကြီးတယ်လို့ မြင်ပါတယ်။ ဆီးရီးယား၊ ယီမင် အခု အီရန် ဒီနိုင်ငံတွေကို လက်နက်စစ်မျက်နှာဖွင့်ထားသလို ကုန်သွယ်ရေးစစ်ပွဲတွေကိုလည်း တရုတ်အပါအ၀င် အခု အိန္ဒိယကိုယ်ပါ စစ်မျက်နှာဖွင့်လိုက်ပြန်တာကို တွေ့ရပါတယ်။ ဒီတော့ ဒီစစ်ပွဲတွေရဲ့အကျိုးဆက်ကို အခု ကမ္ဘာ့ပြည်သူတွေ စတင်ခံစားနေကြရပြီ။

လာမယ့် ဇွန်လ ၂၈၊ ၂၉ မှာ ကျင်းပမယ့် ဂျပန် နိုင်ငံ အိုဆာကာ G-20 ထိပ်သီး အစည်းအဝေးများမှာ တရုတ်သမ္မတကြီး ရှီကျင်းဖျင် အမေရိကန်သမ္မတ တို့ရဲ့တွေ့ဆုံမှုရလဒ်ဟာ ဒီကုန်သွယ်ရေးစစ်ပွဲကို  အဆုံးအဖြတ်ပေးသွားမယ်လို့ ယူဆပါတယ်။ အကောင်းဆုံး အကျိုး ရလဒ်တွေ ထွက်ပေါ်လာပါစေလို့ပဲ ဆုတောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာကြီး စီးပွားရေးကပ်ထဲမကျရောက်စေဖို့ပါ။ ကျရောက်သွားပြီဆိုရင်တော့ အင်အားကြီး (၂)နိုင်ငံအပြင် ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေရဲ့အရှိန်ဟာ ရပ်တန့်နေမယ်လို့ မြင်ပါတယ်။

 

မေး - အမေရိကန်နိုင်ငံက လွတ်လပ်စွာ ကုန်သွယ်မှုအပေါ်မှာ နိုင်ငံရေးဖိနှိပ်မှုတစ်ခုအဖြစ် အသုံးပြုလာမှုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ -  1980 လောက်က အမေရိကန်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကောင်းနေတဲ့ ဂျပန်နဲ့ ကုန်သွယ်ရေးစစ်ပွဲပြောပါတော့..ကုန်သွယ်ရေးမှာ ပြဿနာတွေဖြစ်ခဲ့ဖူးတယ်။ အမေရိကန်တို့ ဘက်က လိုငွေ ၂၅ ဆလောက် တက်သွားတယ်လို့ဆိုရာကနေ ဂျပန်နဲ့ကုန်သွယ်ရေး တင်းမာ မှုတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဂျပန်ကိုအရေးယူဖို့ဆိုပြီး အခု အမေရိကန်သမ္မတဖြစ်လာမယ့် ထရန့် စီးပွားရေးလုပ်ငန်းရှင် ထရန့်က ထပ်ဆုံးက ဦးဆောင်ခဲ့တာ တွေ့ရမှာပါ။ နောက်ဆုံး PLAZA Accord-1985 ပေါ့။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီတို့ပါလာပြီး ဂျပန်ကို ဒုက္ခရောက်စေခဲ့တယ်။ ဒီသင်ခန်းစာတွေကို ဘေးကနေနေရပ်ကြည့်ခဲ့တဲ့ တရုတ်တို့က ပိုမြင်တယ်လို့ ယူဆပါတယ်။ ဒီအဖြစ်အပျက်က ဂျပန်တို့ အထိနာသလိုမနာဖို့ တရုတ်တို့ အထူးသတိထားမယ်လို့ မြင်ပါတယ်။

      အချုပ်ပြောရရင် ကမ္ဘာမှာ သူတို့ထက်ပိုပြီး အင်အားကြီးလာမယ့် နောက်တစ်နိုင်ငံ မပေါ်ထွက်လာ စေချင်တာရယ်။ ပေါ်ထွက်လာမယ့်နိုင်ငံဟာ မျှဝေခြင်း၊ စိုးမိုးခြယ်လှယ်လိုခြင်းဆိုတဲ့ ပေတံကိုအသုံးပြုပြီး စစ်အေးကာလမှာ နိုင်ငံရေးဖိနှိပ်မှုတစ်ခုကို ခေါင်းစဉ်လှလှလေးအသုံးပြုပြီး ကုန်သွယ်ရေးစစ်ပွဲကို စတင်နေတာလို့ မြင်ပါတယ်။

 

မေး - ကုန်သွယ်ရေးစစ်ပွဲမှာ ဆွေးနွေးပြီးအဖြေရှာတာထက် အခွန်ကောက်တဲ့နည်းလမ်းနဲ့ ထိပ်တိုက်တွေ့ဆုံပြီး အပြင်းအထန်ပြိုင်ဆိုင် အဖြေရှာမှုအပေါ် ဆရာဘယ်လို မြင်ပါသလဲ။ ကုန်သွယ်ရေး စစ်ပွဲကို အဖြေရှာဖို့ ဆရာ့အနေနဲ့ ဘာများ အကြံပြုချင်ပါသလဲ သိပါရစေရှင်။

ဖြေ- ပြဿနာဖြစ်ပွားတာက အဓိက မဟုတ်ပါဘူး။ ကမ္ဘာမှာ အယူအဆရပ်တည်ချက် မူဝါဒ သဘောထား မတူညီတဲ့နိုင်ငံတွေ၊ လူ့အဖွဲ့အစည်းတွေ စုပေါင်းနေထိုင်နေတာဆိုတော့ ပြဿနာ တွေက အနည်းနဲ့အများ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ပြဿနာက အရေးမကြီးပါဘူး။ ဒီ ပြဿနာကို ဘယ်လိုဖြေရှင်း အဖြေရှာကြမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ နည်းလမ်းကသာ အဓိက ကျပါတယ်။ အင်အားရှိသလောက် အပြိုင်အဆိုင် ဆွဲနေကြတဲ့ကြိုးတစ်ချောင်းဟာ အချိန်ကြာလာတာနဲ့အမျှ ပြတ်ထွက်သွားမှာပါဘဲ။ နှစ်ဖက်စလုံး အနည်းနဲ့အများ အထိနာကြမယ်လို့ မြင်ပါတယ်။ မြန်မာ စကားပုံတစ်ခုရှိပါတယ်။ ဆင်ပိန်ရင် ကျွဲလောက်တော့ကျန်ဦးမယ့် ကမ္ဘာ့အင်အားကြီး (၂)နိုင်ငံရဲ့ ပြိုင်ဆိုင်မှုပြင်းထန်လာတာနဲ့အမျှ ကျွဲနှစ်ကောင်ခတ်ရေးမှာ အဓိကဒုက္ခရောက်ကြရမှာကတော့ မြေဇာပင်တွေလိုဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးပါပဲ။ ကမ္ဘာ့နိုင်ငံများပါပဲ။

      ဘာအကြံပြုချင်သလဲဆိုတော့ ဂျပန်နိုင်ငံ အိုဆာကာမှာ လာမယ့် ၂၈၊ ၂၉ မှာ ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးမှာ အာရှရဲ့ယဉ်ကျေးသိမ်မွေ့ခြင်း၊ ခွင့်လွှတ်သီးခံခြင်း၊ အမျှော်အမြင် ကြီးခြင်း၊ အရာရာကိုတွေးဆခြင်း၊ မှန်ကန်စွာ ဆုံးဖြတ်တတ်ခြင်းဆိုတဲ့ အရည်အသွေးရှိတဲ့ သမ္မတနဲ့ ကမ္ဘာကြီးရဲ့လေးစားမှုကို တန်ဖိုးတစ်စုံတစ်ရာဖြစ်ဖြစ် စာနာဖေးမလက်တွဲနားလည် ပေးခြင်းနဲ့အတူ အတ္တ၊ လောဘ၊ မာန်မာနတို့ရဲ့ပြယုဂ် အမေရိကန်သမ္မတတို့အနေနဲ့ ပြဿနာကို အသိမ်မွေ့ဆုံး အနူးညံ့ဆုံး အကျိုးရှိဆုံး အဖြေရှာပေးကြပါ။ ပြဿနာက အဓိကမဟုတ်ပဲ ပြဿနာကို ဖြေရှင်းကြမယ့် နည်းက အဓိကကျတာမို့ အကောင်းဆုံး သူမနာ၊ ကိုယ်မနာ၊ ကမ္ဘာကြီးလည်းမနာမယ့် ဖြေရှည်းနည်းကို ဖြေရှင်းဖို့ ကြိုးစားပေးပါလို့ပဲ အကြံပြုချင်ပါတယ်။

 

မေး -ကုန်သွယ်ရေးစစ်ပွဲတွေကြားထဲကနေပဲ တရုတ်တို့ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက လျင်မြန်စွာ တိုးတက်နေတယ်လို့ ချီးကျူးပြောဆိုမှုတွေ ရှိတာတွေ့ရပါတယ်။ ဒီတော့ ဆရာ့ရဲ့အမြင်ကို သိပါ ရစေရှင်။ အခု တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကိုရော ဆရာ ဘယ်လိုမြင်ပါသလဲ။

ဖြေ -တရုတ်စီးပွားရေးဟာ အလွန်တိုးတက်နေဦးမှာကတော့ အသေအချာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ တရုတ်တို့ဟာ ဘ၀မှာ ဆူကြုံနိမ့်မြင့်သမိုင်းသင်ခန်းစာတွေ၊ သမိုင်းအစဉ်အလာတွေ အများကြီးကို ရရှိပိုင်ဆိုင်ထားသလို လူဦးရေသန်းပေါင်း ၁၄၀၀ ကျော်ကို ကောင်းမွန်တဲ့ ဦးဆောင်မှုတွေနဲ့ ဦးဆောင်လမ်းပြ ခေါ်ဆောင်ပြီး လှပတဲ့ အနာဂတ်ကို ထုဆစ်နိုင်သူဆိုတာ ကတော့ သေချာပါတယ်။ တရုတ်နိုင်ငံဟာ ခါးသီးတဲ့ အတိတ်ရဲ့သင်ခန်းစာတွေကို တစ်ပွေ့ တစ်ပိုက် ရရှိပြီး ထိမိစွာကြိုးစားအသုံးချနေတဲ့ နိုင်ငံဖြစ်တာကြောင့် စီးပွားရေးတင်မက နည်းပညာ တွေပါ တိုးတက်နေဦးမှာပါပဲ။

ဒါပေမယ့် တစ်ခါတစ်လေ စဉ်းစားမိပါတယ်။ တစ်နိုင်ငံတည်း အရမ်း  တိုးတက်နေပြီး အိမ်နီးချင်းဒေသနိုင်ငံတွေ၊ အာရှဒေသနိုင်ငံတွေက အရမ်းပြတ်ကျန်ခဲ့မယ် ဆိုရင်လည်း ကောင်းမွန် တဲ့ တိုးတက်မှုမဖြစ်သလို လုံခြုံတဲ့ဒေသမဖြစ်ပါဘူး။ ဆိုလိုချင်တာက ကြင်နာသနားတတ်တဲ့၊ မျှဝေခံစားချင်တဲ့ အကိုကြီးတစ်ယောက်လိုပမာ တခြားသောဒေသတွင်း အိမ်နီးခြင်းနိုင်ငံတွေပေါ်မှာ ရယူလိုမှုထက် ဖေးမလက်တွဲ မြဲမြံစွာ ချိတ်ဆက်ဖို့လည်း လိုပါတယ်။ အာဏာဆိုတာ အင်အားအပေါ်မှာသာ မူတည်နေတာဖြစ်ပြီး သြဇာဆိုတာ မေတ္တာ၊စေတနာနဲ့ ကောင်းမွန်တဲ့ လုပ်ရပ်အပေါ်မှာ တည်ဖွဲ့ပြီး ရေရှည်ခိုင်မာပါတယ်။ တရုတ်ကို အမေရိကန်လို အာဏာကြီး လိုတာထက် သြဇာကြီးတာမျိုးကို ကျွန်တော်တို့ ပိုလိုလားပါတယ်။ ပိုမြင်ချင်ပါတယ်။

 

မေး - ဒီလိုကုန်သွယ်ရေးစစ်ပွဲဖြစ်မှုကြောင့် မြန်မာနိုင်ငံအနေနဲ့ရော ကုန်သွယ်ရေးအပေါ်မှာ ဘာတွေ လုပ်ထားသင့်တယ် ထင်သလဲ။

ဖြေ- ဒီကုန်သွယ်ရေးစစ်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေလုပ်ထားသင့်သလဲဆိုတဲ့အမေးက ဖြေရရင် အရမ်းကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အတိတ်မှာရော အခု ပစ္စုပ္ပာန်လူထု အစိုးရသစ်ကာလမှာရော စနစ်ရဲ့စိန်ခေါ်မှု၊ လူ့အဖွဲ့အစည်းတွေရဲ့ စိန်ခေါ်မှုတွေနဲ့ အစစပြန်လည် တည်ဆောက်နေရတဲ့ နိုင်ငံပါ။ ပြင်ဆင်ရမှာတွေက များလွန်းလို့ အတော်ရွေးချယ်ရမှာပါ။ အချက် တိုင်းဟာ အလွန်အရေးကြီးပြီး အထူးသတိထား ရပ်တည်ကိုင်တွယ်သွားဖို့ လိုပါတယ်။ ဒီအတွက် လည်း အသင့်ရှိနေဖို့လိုပါတယ်။ အထူးပြောချင်တာကတော့ ၂၈၊၂၉ ထိပ်သီးခေါင်းဆောင်နှစ်ဦးရဲ့ အိုဆာကာ ထိပ်သီးအစည်းအဝေးမှာ အကောင်ဆုံး အဖြေရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပါတယ်။