李悦

တရုတ် -မြန်မာ စီးပွားရေး စင်္ကြံရုံး နေပြည်တော်တွင် ဖွင့်လှစ်

(GMT+08:00)2019-05-19 16:56:04  

မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်း၏ တရုတ် - မြန်မာ စီးပွားရေး စင်္ကြံရုံးကို နေပြည် တော်တွင် မေလ ၁၇ရက်နေ့တွင် စတင်ဖွင့်လှစ်ပါသည်။ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူး နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Mr. Liu Ying နှင့် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူးချုပ် ဦးအောင် ကြည်စိုးတို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

 

ဖွင့်ပွဲ အခမ်းအနား၌ ဒုတိယ ၀န်ကြီး ဦးအောင်ထူးက အမှာစကား ပြောကြားရာတွင်  မြန်မာ - တရုတ် စီးပွားရေး စင်္ကြံ တည်ဆောက်ရန်အတွက် နှစ်နိုင်ငံလုံးက အဆင်သင့် ဖြစ်နေပါပြီ၊ ၄င်းစီးပွားရေး စင်္ကြံဟာ နှစ်နိုင်ငံ ပြည်သူတွေအတွက် ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွား ကုန်သွယ်ရေး အခွင့် အလမ်းတွေကို ဖော်ဆောင်ပေး နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ယနေ့  ဖွင့်လှစ်လိုက်သည့် ရုံးအနေနှင့် နှစ်နိုင်ငံ စီးပွားဆက်သွယ်မှု လုပ်ငန်းတွေမှာ ပိုမို ကောင်းမွန်သည့် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang က နေပြည်တော်ရုံးခွဲဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံတရုတ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ အစိုးရ သက်ဆိုင်ရာဌာနများအကြား ဆက်သွယ်ရေး၊ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို မြှင့်တင်ရန်အတွက် အကျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံတရုတ်လုပ်ငန်းရှင်များအသင်းသည် တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ လုပ်ငန်းများဖော်ဆောင်ရေးကို ပိုမိုကောင်းမွန်အောင် ကူညီနိုင်ရန်အတွက် အကျိုးရှိပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ "Belt and Road" နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူတကွ တည်ဆောက်မှုမှာ တရုတ်ကုမ္ပဏီများ ပိုမိုကောင်းမွန်အောင် ပါဝင်ရန်အတွက်လည်း အကျိုးရှိ ပါကြောင်း ပြောကြားပါသည်။