辛甜

ပျော်ရွှင်ဆင်နွှဲ တရုတ်နှစ်သစ်ကူးပွဲ

(GMT+08:00)2019-03-18 11:37:08  

图片默认标题_fororder_微信图片_20190131164621

图片默认标题_fororder_微信图片_20190131164629

တရုတ်နှစ်သစ်ကူးပွဲတော် (သို့မဟုတ်) နွေဦးပွဲတော်ဟာ တရုတ်လူမျိုးများအတွက် အရေးပါတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ကို တရုတ် ပြက္ခဒိန်အရ ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၂၀ အထိ ကျင်းပလေ့ရှိကြပြီး ၂၀၁၉ ခုနှစ်ဟာ တရုတ် ရိုးရာယုံကြည်မှုအရ “၀က်” ကို ကိုယ်စားပြုသော နှစ်ဖြစ်တာကြောင့် “၀က်” နှစ်လို့ ခေါ်ဆိုရမှာပါ။

တရုတ်နှစ်သစ်ကူးပွဲတော်အစဉ်အလာများ

      တရုတ်နှစ်သစ်ကူးပွဲတော်တွေကို ရိုးရာယဉ်ကျေးမှုမပျက် ကျင်းပလာခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း (၄၀၀၀) ကျော်မက ရှိခဲ့ပြီဖြစ်ပါတယ်။ စည်းရုံးတဲ့မိသားစုတို့ ပြန်လည် ဆုံတွေ့ချိန်၊ ခံယူချက်၊ ယုံကြည်ချက်အသစ်တွေနဲ့ နှစ်သစ်ကိုမင်္ဂလာရှိစွာ ဖြတ်ကျော်ဖို့ ကြိုဆို ကျင်းပတဲ့ပွဲမို့ တရုတ်လူမျိုးများအတွက် အလေးအမြတ်ထားတဲ့ ပွဲတော်တစ်ခုလို့ ဆိုရမှာပါ။

          တရုတ်နှစ်သစ်ကူးပွဲတော်ဟာ နှစ်ဟောင်းကမကောင်းတဲ့ကံတွေကို နှင်ထုတ်ပြီး ကောင်းသော ကံတွေရရှိဖို့နဲ့ ဘိုးဘွာတွေကို ကန့်တော့တဲ့ ပွဲတော်တစ်ခု တစ်နည်းအားဖြင့် ကွယ်လွန် သွားပြီ ဖြစ်သော ဘိုးဘွားမိဘတွေကို အောက်မေ့ကန့်တော့ခြင်း ပွဲတော်တစ်ခုလို့ ပြောလို့ရပါတယ်။ အဲဒီလိုကန်တော့ခြင်းနဲ့ ကွဲကွာနေတဲ့ ဆွေမျိုးတွေ ပြန်လည်ဆုံတွေ့ကြတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်လူမျိုးတိုင်းဟာ ဘယ်အရပ် ဘယ်ဒေသကိုပဲရောက်ရောက် နှစ်သစ်ကူးရက် မတိုင်ခင် မိမိတို့ရဲ့အရပ်ဒေသကို ပြန်လာတတ်ကြပါတယ်။

          တရုတ်အယူအဆအရ တရုတ် ၁၂ လပိုင်း ၂၄ ရက်နေ့ဟာ မီးဖိုနတ်နဲ့တကွ အိမ်မှာ ကိုးကွယ်ထားတဲ့ နတ်တွေအားလုံးကို မိုးပေါ်ပြန်ပြီး ပို့ဆောင်ရပါတယ်။ မိုးပေါ် ပြန် မပို့ဆောင် မီမှာတော့ နတ်ဘုရားရုပ်တွေကို ဆေးကြောတာတွေ ပြုလုပ်ရပါတယ်။ အဲဒီလို ဆေးကြော သန့်စင်မှုတွေပြုလုပ်ပြီးမှ နတ်အားလုံးကို မိုးပေါ်ပြန်ပို့တာ ပြုလုပ်ပြီးတာနဲ့ အိမ်သန့်ရှင်းရေး တွေကိုလည်း ပြုလုပ်တတ်ကြပါတယ်။ သဘောကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသန့်စင်ခြင်း ဖြစ်ပါတယ်။ အားလုံးပြုလုပ်ပြီးပြီဆိုရင်တော့ တံခါးပေါက်နဲ့ ပြတင်းပေါက် တွေမှာ ကဗျာတွေ ဆုတောင်းစာတွေပါတဲ့ အနီရောင်စာရွက်တွေကို ကပ်ကြပါတယ်။ ပျော်ရွှင်ခြင်း၊ သာယာခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်း စတဲ့ကောင်းခြင်းအဓိပာယ်ဆောင်တဲ့ ကဗျာတွေကို ကပ်ကြပါတယ်။

 

 

တရုတ်နှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာရခြင်းအကြောင်း

          ဒဏ္ဍာရီတွေအရ (nian) နျန်ည် လို့ခေါ်တဲ့ အရမ်း ဆိုးသွမ်းတဲ့သတ္တ၀ါတစ်ကောင်က နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်ကို ရောက်တဲ့အခါတိုင်း လူ့ပြည့်ကို ဆင်းလာတတ်ပါတယ်။ တစ်ရွာဝင်တစ်ရွာထွက်၊ တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ လူသားစားဖို့ ထွက်လာပြီး လူတွေကို တိုက်ခိုက်တတ်ပါတယ်။ တစ်နှစ်မှာတော့ နှစ်သစ်ကူးဖို့ တစ်ရက်လိုတဲ့ အချိန်မှာ ကြမ်းတမ်းတဲ့ သတ္တ၀ါကြီးက လူ့ပြည်ကိုဆင်းလာပြီး အစာလာရှာပါတော့တယ်။ ရွာသားတွေက ကြမ်းတမ်းတဲ့သတ္တ၀ါကြီးအန္တရာယ်က လွတ်အောင်အိမ်ထဲမှာပုန်းနေခဲ့ကြပါတယ်။ ဘယ်သူမှ အိမ်အပြင် မထွက်ကြပါဘူး။ ဒီအချိန်မှာ အဖိုးအိုတစ်ယောက်က ညအချိန်မှာ သတ္တ၀ါကြီး ကို တိုက်ခိုက်မယ်ဆိုပြီး အနီရောင်ဝတ်စုံကို ၀တ်ဆင်ပြီး မီးပန်းတွေကိုကိုင်ပြီး လမ်းပေါ်ကို ထွက်လာပါတယ်။ အဲဒီတောကောင်ကြီးဟာ အဖိုးအိုကိုမြင်ပြီး ထွက်ပြေးသွားပါတယ်။ အဲဒီကစပြီး တောကောင်ကြီးလာတာမတွေ့ရတော့ပါဘူး။ ဒါ့ကြောင့် ရွာသားတွေက မကောင်းဆိုးဝါး သတ္တ၀ါကြီး ပျောက်ကွယ်သွားတဲ့အနေနဲ့ အနီရောင်ကို မင်္ဂလာအရောင်အဖြစ်မှတ်ယူကြပြီး နှစ်သစ်ကူး ရိုးရာ ပွဲတော်ကိုဆင်နွှဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။

          ဒါအပြင် တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးညမှာ ကွဲကာနေတဲ့ဆွေမျိုးတွေ ပြန်လည် ဆုံတွေ့ပြီး ဘိုးဘွားမိဘတွေကို ကန့်တော့ကြသလို မိသားစုထမင်းလက်ဆုံစားပွဲတွေလည်း ကျင်းပ တတ်ကြပါသေးတယ်။ ဒီလိုမိသားစုထမင်းလက်ဆုံစားကြတာဟာ နှစ်သစ်အတွက် အရမ်းကို အရေးကြီးတဲ့ အလေ့အထအဖြစ် မှတ်ယူကြပါတယ်။

      နှစ်သစ်ကူးတိုင်းမှာလည်း အိမ်တိုင်း ဖက်ထုပ်လုပ်စားလေ့ရှိကြပါတယ်။ အချို့ နေရာ တွေ မှာတော့ နှစ်ဆန်းတစ်ရက်နေ့မှာ စားကြပါတယ်။ ဖက်ထုပ်စားခြင်းအားဖြင့် နှစ်ဟောင်းနဲ့ နှစ်သစ်ကို ဖလှယ်တဲ့အချိန်မှာ ကံကောင်းခြင်းတွေရောက်ရှိလာမယ်လို့ အယူရှိပါတယ်။ ဖက်ထုပ် ပုံစံက ရွှေတုံးနဲ့ တူပါတယ်။ ဖက်ထုတ် ထုပ်ခြင်းဟာ ကံကောင်းခြင်း သာယာချမ်းမြေ့ခြင်းတွေကို ထုပ်မိခြင်းလို့ အဓိပ္ပာယ်ရတဲ့အတွက် ကြွယ်ဝ ချမ်းသာတဲ့ လူနေမှုကို ရရှိမယ်လို့ အဓိပ္ပာယ်ရပါတယ်။  

          မိဘဘိုးဘွားတွေကို ကန့်တော့ပြီးတဲ့ အချိန်မှာတော့ မိဘဘိုးဘွားတွေက ကလေးတွေကို မုန့်ဖိုးအဖြစ် အန်ပေါင်း ပြန်ပေးလေ့ရှိကြပါတယ်။ ဒါကို “ယားစွေ့ချန်” ပေးတယ်လို့ ခေါ်ပါတယ်။ အဓိပ္ပာယ် က မကောင်းဆိုးဝါးများစွာနဲ့ မကောင်းတဲ့အန္တရာယ်တွေကို ဖယ်ရှားနိုင်ပြီး ကလေးငယ်တွေ အန္တရာယ်ကင်းပြီး ကျန်းမာရေးကောင်းဖို့အတွက် ပေးတာဖြစ်ပါတယ်။ အန်ပေါင်းအိတ်ထဲမှာတော့ တရုတ်အယူအဆအရ ပိုက်ဆံကို စုံဂဏန်းများ ပေးလေ့ရှိပါတယ်။

          နှစ်သစ်ကူးရောက်လာချိန်မှာတော့ အိမ်တိုင်းကတံခါးဖွင့်ပြီး ဗျောက်အိုးဖောက်ကြပါတယ်။ ဆူညံနေတဲ့ ဗျောက်အိုးသံက အဟောင်းကိုစွန့်ပြီး အသစ်ကိုကြိုဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဗျောက်အိုးဖောက်ခြင်းဟာ ပျော်ရွှင်မှုနဲ့ လာဘ်လာဘတွေကို ယူဆောင်ပေးတယ်လို့ အယူရှိပါတယ်။ အခုအခါ မြို့တော်ပေကျင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအရ ဗျောက်အိုးဖောက်ခွင့်မရှိပေမယ့် နယ်မြို့တွေမှာတော့ နှစ်သစ်ကိုကြိုဆိုတဲ့အနေနနဲ့ ဗျောက်အိုးတွေ ဖောက်ကြပါတယ်။

          တရုတ်ပြည်တောင်ပိုင်းမှာတော့ နှစ်ဆန်းတစ်ရက်နေ့ မနက်ခင်းတိုင်း မုန့်လုံးရေပေါ် စားတဲ့ ဓလေ့ရှိကြပါတယ်။ အစောဆုံးမှတ်တမ်းတွေအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော် စုန့်မင်းဆက် ခေတ်ကထဲက အသီးမျိုးစုံကို အစာသွတ်အဖြစ်ပြုလုပ်ပြီ ကောက်ညှင်းမှုန့်ကို မုန့်လုံးအဖြစ်လုံးပြီး ရေနဲ့ပြုတ်ပြီး စားကြပါတယ်။ တစ်မိသားစုလုံး နှစ်သစ်အစ မနက်ခင်းမှာ မုန့်လုံးရေပေါ် အတူတူစားတဲ့ အလေ့အထက တရုတ်နှစ်သစ်ကူးနဲ့အတူ ထိန်းသိမ်းဆဲပါ။

          နှစ်သစ်ရောက်ပြီဆိုရင်တော့ အားလုံးဟာ နှစ်ဆန်းတစ်ရက်နေ့မှာ မိမိအိမ်မှာ နှစ်သစ် ကန်တော့ဆုမွန်းကောင်းတောင်းကြပြီး နှစ်ဆန်းနှစ်ရက်နေ့မှာ ယောက္ခမအိမ်၊ နှစ်ဆန်း ၃ ရက်နေ့မှာ အမျိုးအိမ်တွေကို သွားရောက်ပြီး နှစ်သစ်ကန်တော့တာတွေကို ပြုလုပ်ကြပါတယ်။ မိတ်ဆွေ သူငယ်ချင်းအချင်းချင်းလည်း ဆုမွန်ကောင်းတွေ တောင်းပေးကြပါတယ်။

          အခုလည်း မကြာခင် ကျရောက်တော့မယ့် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် တရုတ်နိုင်ငံ အနှံ့အပြား မီးပုံတွေပြင်ဆင်နေကြပါပြီ။ အဆောက်အဦးတိုင်းမှာ မီးပုံး အနီရောင်တွေ ချိတ်ဆွဲ လာကြသလို တစ်ချို့မြို့တွေမှာလည်း မီးပုံပြိုင်ပွဲဝင်ဖို့ ဒီဇိုင်းမျိုးစုံနဲ့ မီးပုံတွေလုပ်နေကြပါပြီ။ နာမည်ကြီး နဂါးအကတို့ ခြင်္သေ့အကတို့ကိုလည်း မကြာခင်ကြည်ခွင့် ရပါတော့တယ်။  နှစ်သစ်ကူး ပွဲတော်အတွက် တရုတ်နိုင်ငံအနှံ့ ပြင်ဆင်မှုတွေ ပြုလုပ်နေကြသလို တရုတ်နိုင်ငံရောက် နိုင်ငံခြားသားတွေ ဖြစ်တဲ့ကျွန်မတို့ တစ်တွေလည်း တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူး ပွဲတော်ကို ဆင်နွှဲရ တော့မှာမို့ ပျော်ရွှင်နေကြပါပြီ။ “ရှင်းညန်ခွိုက်လ” နှစ်သစ်မှာ စာဖတ်သူအပေါင်းလဲ ပျော်ရွှင် ချမ်းမြေ့ ကြပါစေ။                                                                            

                                                             စုသက်မှူး (မရမ်းကုန်း)