系统管理员
Sunday, 6  Jul 2025

ကမ္ဘောဒီးယား မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း လျင်မြန်စွာ တိုးတက်

(GMT+08:00)2019-03-06 12:16:34  CRI

မကြာခင် နှစ်များက ကမ္ဘောဒီးယား မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ကမ္ဘောဒီးယား ဆက်သွယ်ရေး စီမံခန့်ခွဲမှု ဌာနမှ ယမန်နှစ် ဒီဇင်ဘာလ ၆ရက်နေ့က ထုတ်ပြန်သော စာရင်းတွင် ထိုအချိန်အထိ ကမ္ဘောဒီးယား တစ်ပြည်လုံးရှိ မိုဘိုင်းဖုန်း sim card သုံးစွဲသူ ဦးရေမှာ ၁၉သန်း ၁သိန်း ၇သောင်းခန့် ရှိပြီး မိုဘိုင်းဖုန်း sim card သုံးစွဲမှုနှုန်းမှာ ၁၁၈ရာခိုင်နှုန်း ရှိကာ မိုဘိုင်းအင်တာနက် သုံးစွဲသူ ဦးရေမှာ ၁၂သန်း ၅သိန်း ၄သောင်းခန့် ရှိ၍ တစ်ပြည်လုံး စုစုပေါင်း လူဦးရေ၏ ၇၇.၁၈ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ကမ္ဘောဒီးယား မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း လျင်မြန်စွာ တိုးတက်လာခြင်းသည် ကမ္ဘောဒီးယား စီးပွားရေးနှင့် လူမှုရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းကို ရောင်ပြန် ထင်ဟပ်နေကြောင်း၊ အဆိုပါ စာရင်းတွင် ကမ္ဘောဒီးယား တစ်နိုင်ငံလုံး၌ မိုဘိုင်းဖုန်း 2Gလှိုင်းနှုန်း၊ 3Gလှိုင်းနှုန်းနှင့် 4G-LTEလှိုင်းနှုန်းသည် ၇၃့၇ရာခိုင်နှုန်း၊ ၂၉့၅ရာခိုင်နှုန်းနှင့် ၁၂့၇ရာခိုင်နှုန်း အသီးသီး လွှမ်းခြုံနိုင်ကြောင်း၊ ကမ္ဘောဒီးယား စာတိုက်နှင့် ကြေးနန်းလုပ်ငန်း ဝန်ကြီးက လွန်ခဲ့သည့် ဖေဖော်ဝါရီလ လကုန်ပိုင်းက စပိန်နိုင်ငံ ဘာစယ်လိုနာမြို့တွင် ကျင်းပခဲ့သော ၂၀၁၉ခုနှစ် ကမ္ဘာ့ မိုဘိုင်း ဆက်သွယ်ရေး အစည်းအဝေး၌ ကမ္ဘောဒီးယားသည် အာဆီယံတွင် 5Gမိုဘိုင်း ဆက်သွယ်ရေး နည်းပညာကို ပထမဆုံး အသုံးပြုမည့် နိုင်ငံ ဖြစ်မည်ဟု ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

သို့သော် ဖွံ့ဖြိုးတိုးတက်ရာတွင် ပြဿနာ များစွာ ကြုံတွေ့နေရကြောင်း၊ အဓိက ပြဿနာမှာ ဖွံ့ဖြိုးရေး မညီမျှမှု ဖြစ်ကြောင်း၊ ဖနွမ်းပင်မြို့တော် အပါအဝင် မြို့ကြီး ၃-၄မြို့တွင် မိုဘိုင်း အင်တာနက် သုံးစွဲမှု ကောင်းမွန်သော်လည်း အခြား ဒေသများတွင်မူ ခေတ်နောက်ကျနေသေးကြောင်း သိရသည်။