ပါဝင်ဆင်နွှဲ၊ကောက်ညင်းထုပ်ပွဲ

(GMT+08:00)2017-12-16 03:10:22  CRI

ပါဝင်ဆင်နွှဲ၊ကောက်ညင်းထုပ်ပွဲ

ပီကင်းမြို့ရဲ့မြိ့နယ်လေးတစ်နယ်ဖြစ်တဲ့ ရန်ချင့်ရှေးဟောင်းမြို့နယ်လေး( yan qing) တစ်မြို့ ဆီသို့ ပြီးခဲ့တဲ့ကောက်ညင်ထုပ်ပွဲတော်( duan wu jie) အကြိုနေ့တွေထဲက တစ်နေ့ဖြစ်တဲ့ ဇွန်လ ၁၀ ရက် နေ့က စီအာအိုင်နဲ့ပီကင်းနိုင်ငံခြားသားများ ချစ်ကြည်ရေးအသင်းအဖွဲ့ တို့ ရဲ့ကောင်းမှုကြောင့်ပီကင်းမြို့ရဲ့နယ်မြို့လေးတစ်မြို့ကို ဒုတိယအကြိမ် ရောက်ခွင့်ကြုံခဲ့ ရပါ တယ်၊ ပထမအကြိမ် တုန်းက ပေတိုက်ဟာ( Bei tai he ) လို့ခေါ်တဲ့ကမ်းခြေမြို့နယ်လေး တစ်မြို့ကိုရောက်ဖူးခဲ့ တာပါ၊

မနက် ၈ နာရီအရောက် စီအာအိုင်ရဲ့အရှေ့ဘက်တံခါးပေါက်မှာ လူစုမယ်လို့ ကြိုတင်သိထား တာကြောင့် အဲနေ့မနက်စောစော အိပ်ရာထပြီး ပြင်ဆင်စရာတွေကိုပြင်ဆင်ပြီးတာနဲ့ ရှစ် နာ ရီမထိုးခင်အရောက်သွားခဲ့ပါတယ်၊ ကား စထွက်ချိန်ကတော့ ရှစ် နာရီ၊နှစ်ဆယ်လောက်မှ ထွက်ဖြစ်ပါတယ်၊ ကျွန်မနဲ့အတူကျွန်မတို့ဌာနက xin tian လို့ခေါ်တဲ့ မမာမာဝင်းက အဖေါ် အဖြစ်လိုက်လာပေးပါတယ်၊ ကျေးဇူးတင်ပါတယ်၊ မာမာ…

ကား စထွက်တည်းက ဘေးဘီတွေကိုမျက်စိပသာဒခံယူသွားခဲ့ပါတယ်၊ ဒီအချိန်က ပီကင်း မြို့ရဲ့ အလှဆုံးအချိန်၊ရာသီဥတုအသာယာဆုံးအချိန်ပဲလေ၊ ဒါတောင် ပြီးခဲ့တဲ့သုံး၊လေးရက် ကမိုးကအုံ့၊လျှပ်ကလက်၊မိုးကခြိမ်းနဲ့ အလွမ်းစိတ်တို့ဝေခဲ့ရသေးပါတယ်၊ ဒါပေမဲ့ ကိုယ်သွား ရမယ့်နေ့မှာ တစ်နေ့လုံးသာသာယာယာရှိတာမို့ ကြည်နူးမိတာတော့အမှန်ပါ၊ အားလုံးရဲ့ ကံကြောင့်လို့ထင်မိပါရဲ့၊

ပထမဆုံး yan qing မြို့ရဲ့ ကောက်ညင်းထုပ်ပွဲတော်ကျင်းပရာနေရာဆီကို သွားခဲ့ပါတယ်၊ အဲမှာ တရုတ်လူမျိုးတွေက ကောက်ညင်ထုပ်ပြိုင်နေကြတာကို ကြည့်ပြီး ကျွန်မတို့နိုင်ငံခြား သားများကလည်း ကိုယ်တိုင်ထုပ်ချင်တဲ့စိတ်တွေဖြစ်လာတာကို အဖွဲ့ခေါင်းဆောင်က သိ များသွားသလိုလို့တောင် ထင်မိပါရဲ့၊ ဘာလို့ဆိုတော့ ကျွန်မတို့ထဲကစိတ်ဝင်စားတဲ့သူရှိရင် ကိုယ်တိုင်ထုပ်ကြည့်လို့ရတယ် ဆိုပြီး ကောက်ညင်ထုပ် ထုပ်လို့ရအောင်စီစဉ်ပေးပါတယ်၊ ဘယ်နေမလဲလေ ၀င်နွှဲလိုက်သေးတာပေါ့၊ ဒါပေသိ ကောက်ညင်ထုပ်တစ်ထုပ်ဖြစ်ဖို့ တော် တော်အားစိုက်လိုက်ရတယ်ရှင်(ရှက်ရှက်နဲ့ဝန်ခံလိုက်တာပါ၊ ဘာလို့ဆိုတော့ ကျွန်မဘယ် တုန်းကမှ မြန်မာပြည်မှာ ကောက်ညင်းထုပ်မထုပ်ခဲ့ဖူးလို့ပါ၊ ရွာက အကြီးတွေ၊ အဒေါ်တွေ ထုပ်တာကိုပဲ ကြိုက်လှချည့်ဆိုပြီး ကပ်ချွဲ၊နှပ်ချွဲ ချွဲခဲ့တာမို့ အဲလိုဖြစ်တာထင်ပါရဲ့နော်) အဲလို နဲ့ ဘေးကတရုတ်အဒေါ်ကြီးတစ်ယောက်က ကြည့်ရတာ အမြင်မတော်ပေလို့ပဲလား၊ သနား လာလို့လား တစ်ခုခုတော့ တစ်ခုခုဖြစ်မယ်ပေါ့နော်၊ သူက ကူပေးမှကောက်ညင်းထုပ် တစ် ထုပ်ဖြစ်သွားခဲ့တယ်လေ။စိတ်ထဲမှာလည်း အော်..ငါ့နှယ့်..ဒါလေးကိုတောင်…….လို့ ထင်မိ လိုက်သေး။ တခြားသူငယ်ချင်းတွေလည်း အကြိတ်အနယ်ပဲပေါ့။

ပါဝင်ဆင်နွှဲ၊ကောက်ညင်းထုပ်ပွဲ

Duan wu jie ဆိုတာ ကောက်ညင်းထုပ်ပွဲတော်လို့ ဆိုပေသိ အဲပွဲတော်မှာ နောက်ထပ်ပွဲ တစ်ပွဲရှိသေးတယ်လေ၊ အဲပွဲက ဘာလဲဆိုတော့ နဂါးလှေလှော်ပြိုင်ပွဲ( Dragon Boat) ပေါ့၊

အဲဒိပွဲမှာ အသင်းလိုက်လှေလှော်ပြိုင်ကြတာကလည်း စည်းရုံးညီညွတ်မှုရဲ့အင်အားကိုကိုယ် တိုင်ကိုယ်ကျမြင်ရလို့ ကြက်သီးများတောင် ထ မိပါရဲ့၊ သူတို့က အားပေးလိုက်ရလို့လည်း စိတ်ရွှင်လန်းမိပါတယ်၊ ဘယ်အဖွဲ့ကအနိုင်ရတယ်ဆိုတာ စောင့်မကြည့်နေတော့ဘဲ နေ့ လယ်စာ စားဖွဲ့ အားလုံးက တညီတညွတ်တည်းချီတက်ဖို့ စိတ်သန်နေကြတာမို့ အဖွဲ့ ခေါင်းဆောင်ကလည်း အလိုက်တသိ အဲဒိမြို့ရဲ့ နာမည်ကြီးဆိုင်တွေထဲက တစ်ဆိုင်ဖြစ်မယ် လို့ထင်တဲ့ စားသောက်ဆိုင်ကိုသွားကြပါတော့တယ်။

ဆိုင်ရှေ့ရောက်ရောက်ချင်း ရှေးဟောင်းတရုတ်ပြည်ရဲ့ အရသာကိုမြင်တွေ့ခံစားရပါတယ်၊ အဲဒိမြို့ရဲ့ ထူးခြားချက်က တို့ဖူး ကိုပဲ အသားပေးရောင်းချ၊ စားသောက်ကြတာပါပဲ၊ တို့ဖူး ပေါင်းလို့ ခေါ်တဲ အဲဒိဆိုင်ရဲ့ နာမည်ကြီးဟင်းလျာချက်ပုံကိုလည်း အမြင်ဆန်းဆန်းမြင်ခဲ့ရပါ

တယ်၊ ကျွန်မတို့ဆီက မီးသွေးမီးဖိုလို ကျောက်မီးဖိုလေးတွေပေါ်မှာ မြေအိုးလေးတွေ တင် ပြီး၊ အဲအိုးထဲမှာမှ အောက်ဆုံးက အနေတော်လှီးထားတဲ့မုန်ညင်းဖြူတွေကို ဖြန့်ခင်းထား တယ်၊ပြီးတော့ တို့ဖူးဖတ်လေးတေကိုအပေါ်က အစီအရီညီညီလေးထည့်ပြီး ပေါင်းထားတာ ပါ၊အသားလုံးဝ မပါပေမဲ့ တို့ဖူးအရသာက ကောင်းလွန်းလို့ အဲဟင်းက စားရတာခံတွင်းတွေ့ ပါတယ်၊ နောက်ပြီးအမယ်စုံလင်လှတဲ့ တို့ဖူးအမျိုးမျိုးတင်မကပါဘူး၊ တခြားဟင်းလျာတွေ ကလည်း စားပွဲနဲ့အပြည့်ပါပဲ၊ ဒါပေသိ ကျွန်မတို့ဝိုင်းက အမှန်တကယ်အားပေးသူ နည်း တယ်ရှင်၊ ဒါကြောင့် ကျွန်မတို့နှစ်ယောက်က ပြိုင်ဘက်သိပ်မရှိဘူးဖြစ်တာပေါ့။ အားပါးတရ စားသောက်ပြီးလို့ ဆိုင်ပြင်ကို ပြန်အထွက်မှာ ဆိုင်ရှေ့မှာ အဲဒေသကထွက်ကုန်တွေကိုလာ ရောင်းတဲ့ ဈေးသည်လေးတွေက ဘယ်ကဘယ်လို သိသွားလဲတော့မသိ၊ သူတို့တန်းစီပြီး ဈေးရောင်းနေကြပြီလေ၊ ကျွန်မတို့အဖွဲ့လည်း ဟေး ဆိုပြီး ကြည့်သူကြည့်၊ အားပေးသူ အားပေး၊ ဆစ်သူဆစ်၊ မြည်းသူမြည်းနဲ့ အလုပ်တွေအတော်ရှုပ်သွားကြတာပေါ့၊ ဈေးသည် လေးတွေလည်း ရောင်းပန်းလှကြပါတယ်။

ပြီးတော့ ရှေးဟောင်းမြို့နယ်လေးရဲ့ ရှေးဟောင်းဈေးလေးကိုဆက်သွားကြတယ်၊ အဲဈေးမှာ တရုတ်ရှေးဟောင်းအဆောက်အအုံတွေ၊ ပစ္စည်းတွေတွေ့ခဲ့ရတာမို့ကျေနပ်မိပါတယ်၊(၀ယ် တော့မ၀ယ်ခဲ့ပါဘူး) ရှေးဟောင်းမြို့နယ်လေးမှာ စက်တပ်ယာဉ်တွေ ဥဒဟိုဖြတ်သန်းနေတာ ကတော့ခံစားမှုအရသာကို ပျက်စေတယ်လို့ထင်မိပါတယ်။

ပြီးတော့ နိုင်ငံခြားသားများကအဲဒိရှေးဟောင်းမြို့လေးမှာသွားချင်တဲ့နေရာ၊ စားချင်တဲ့နေရာ စတာတွေကိုဝန်ဆောင်မှုပေးနေတဲ့ဌာနတစ်ခုဆီကို နောက်ဆုံးပိတ်ရောက်ခဲ့ရပါတယ်၊ အဲ မှာမမေ့နိုင်စရာလေးကတော့ အပျော်စီးနှစ်ယောက်တွဲစက်ဘီးလေးနဲ့ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ရတာကိုပါပဲ၊ အပြန်ခရီးမှာတော့ ကျေနပ်အားရပြီးဗိုက်လေးပြီး ကားပေါ်မှာငိုက်မြည်း ရင်း ပီကင်းကိုရောက်မှန်းမသိပြန်ရောက်လာရပါတော့တယ်……