တစ်လပြည့်တမ်းချင်း

(GMT+08:00)2017-12-16 03:10:20  CRI

တစ်လပြည့်တမ်းချင်း

တရွေ့ရွေ့နဲ့ ကုန်ဆုံးတဲ့အချိန်တွေနဲ့သာတူ မေ့ထားလို့ရခဲ့ရင် သိပ်ကောင်းမှာပါ၊ ဒီနေ့ဒီရက် ထိ မယုံတစ်ဝက်၊ယုံတစ်ဝက်နဲ့ လက်ခံထားခဲ့ရတဲ့ အကြောင်းတစ်ခုကတော့…

တစ်နေ့နံနက်စောစော အလုပ်ရောက်လို့ လုပ်နေကြအတိုင်း မေးလ်ကို စစ်လိုက်တော့ ဘယ်လိုမှ မထင်မှတ်ထားတဲ့ မေးလ်ကို တွေ့လိုက်ရတယ်၊ ဆရာမတို့ချစ်တဲ့သူတစ်ယောက် တော့ ဘ၀တစ်ပါးကိုပြောင်းသွားခဲ့ပါပြီ ဆိုတဲ့မေးလ်ရဲ့ ခေါင်းစဉ်ကို တွေ့လိုက်တယ်ဆိုရင်ပဲ ချက်ချင်းလက်တုန်၊ရင်တုန်စွာနဲ့ ဖွင့်လိုက်လို့ မပွင့်သေးခင် ခဏတာအချိန်မှာလည်း မဟုတ်ပါစေနဲ့၊ မဖြစ်ပါစေနဲ့လို့ တိတ်တခိုးရင်ထဲမှာ ကြိတ်ပြီးဆုတောင်းနေမိနေပေမဲ့လည်း တကယ်တမ်း ဖတ်လိုက်ရတာကတော့..

ဆရာမတို့လွန်စွာချစ်ပါတဲ့၊ ဆရာ၊ဆရာမတွေကို အလွန်ရိုသေတတ်ပါတဲ့၊ နိုင်ငံခြားသားဖြစ် ပေမဲ့လည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့တွေအတိုင်းနေထိုင်တတ်ပါတဲ့၊ ကြိုးစားပါတယ် ဆိုတာထက် ပိုနေလွန်းတဲ့ ချစ်တပည့်ကြီးကတော့ဖြင့် နိုဝင်ဘာလ ၆ ရက်နေ့ မနက် အရုဏ်မကျင်းတကျင်းအချိန်မှာပဲ အသည်းကင်ဆာနဲ့ ဘ၀တစ်ပါးကိုပြောင်းသွားပါပြီတဲ့..

အဲဒိမေးလ်လေးကတိုတိုရှင်းရှင်းလေးပေမဲ့ လူတစ်ကိုယ်လုံးကို ကိုင်မြှောက်ပြီးလွှင့်ပစ် လိုက်သလို အသိဥာဏ်မဲ့လေထဲလွင့်မြောသွားလိုက်တဲ့အချိန်က အတော်ကြာသွားပါတယ်

ပြီးတော့မှ ကိုယ့်အသိကိုကိုယ်ပြန်ထိန်းပြီ ဘယ်လိုဖြစ်ရတာလဲ၊ ဘာကြောင့်လဲ ဆိုတာကို လက်လှမ်းမီသလောက် ဖုန်းဆက်၊ မေးလ်တွေပို့မေးမြန်းလိုက်တော့မှာ ဒါဟာ တကယ်ပါ လားဆိုတာကို လက်မခံချင်ပေမဲ့လည်း လက်ခံလိုက်ရတော့တာပေါ့…..

အဲလိုလက်ခံလိုက်ရပေမဲ့လည်း ဟိုးလွန်ခဲ့တဲ့နှစ်တွေက သူ့ပုံရိပ်တွေဟာ ကိုယ့်အတွေး မျက်လုံးအိမ်မှာ တရေးရေးပေါ်လာပါတော့တယ်…

လွန်ခဲ့တဲ့ နှစ်( ) တုန်းက..

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ မြန်မာဘာသာဌာနမှာ ဆရာက ဒီလိုပြောလာပါ တယ်… ဒီနေ့ တရုတ်ပညာတော်သင် နှစ်ယောက်ကို မွမ်းမံသင်တန်းသင်ရမယ်တဲ့..

ဒီစကားဟာ ဘာမှ မထူးဆန်းပေမဲ့ စာသင်ခန်းထဲဝင်လိုက်တော့ ထူးဆန်းတာတွေကို ခံစား လိုက်ရပါတယ်၊ အဲဒါကတော့ ဒါနိုင်ငံခြားသားတွေ သင်တဲ့ စာသင်ခန်းနော်..ကလေးတို့လို့ ဆရာမပီပီ ပြောလိုက်တော့ ..ဟုတ်ကဲ့..သိပါတယ်ရှင်၊ သိပါတယ်ဗျာတဲ့

အဲတော့ သိရင်လည်း ကိုယ့်အတန်းကိုယ်ပြန်တော့လေ.. တော်ကြာ နိုင်ငံခြားသားတွေ ရောက်လာတော့မယ်လို့ ပြောလိုက်တော့.. သူတို့က ဆရာမက ကျွန်တော်တို့ကို နိုင်ငံခြား သားလို့မထင်ဘူးလား ခင်ဗျာတဲ့..

အေးလေ..မင်းတို့က ဘယ်သူတွေလဲ..ဆရာမတောင် မျက်စိလည်သွားပြီလို့ ပြောလိုက် တော့..

သူက ၀က်ဝက်ကွဲရယ်ပါတော့တယ်..(ဒါဟာလည်း သူ့စတိုင်ဆိုတာကို နောင်မှ သိလာ ရတာပါ..)

ကျွန်မလည်း ခဏတော့ မင်သေသေဖြစ်သွားပြီး သူ့ကိုကြည့်ရင်းရယ်ချင်လာတာမို့ သူနဲ့အတူလိုက်ရယ်လိုက်မိပါတယ်။ ပြီးတော့မှ သူက ကျွန်တော်တို့က မွမ်းမံသင်တန်း တက်မယ့် နှစ်ယောက်ပါလို့ မြန်မာတစ်ယောက်လို ပီပီသသ ပြောလာပါတယ်၊

အဲတော့မှ ကိုယ့်ကိုယ်ကို ငါ ဒီလောက် ပေါ့ပေါ့ဆဆ နေတတ်သူတစ်ယောက်တော့ မဟုတ် ပါဘူးလေ၊ ဘာလို့ဒီလိုဖြစ်ရတာပါလိမ့်ပေါ့.. အဲလိုဖြစ်ရတာကလည်း သူတို့နှစ်ယောက်ရဲ့ ပုံစံက ရှပ်အကျီ င်္လက်ရှည်နဲ့ ချည်ပုဆိုးခပ်လတ်လတ် ကိုဝတ်ထားပြီး၊ လွယ်အိတ်က ကချင်လွယ်အိတ် အလတ်စားနဲ့လေ၊ ကောင်မလေးကလည်း မြန်မာဝတ်စုံကို မြန်မာမလေး လိုဝတ်ထားတယ်၊ ပြီးတော့ ဆံပင်လေးကို စုစည်းထားတာ ဆိုတော့ တကယ့်ကို မြန်မာလူ မျိုးလို့ ထင်မှတ်သွားမိတာကိုက ကျွန်မရဲ့ ပေါ့ဆမှုလို့ပြောလို့မရဘူး ထင်ပါရဲ့နော်။

အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ ဆရာ၊ဆရာမတွေ သင်ပေးသမျှကို အပတ်တကုတ်ထက် ပိုပြီးကြိုးစားကြသူတွေပါ၊ ပြီးတော့ မြန်မာ့သဘာဝအတိုင်းနေ၊ မြန်မာဥာဉ်တွေရအောင် သူတို့လုပ်နေတာတွေကို တွေ့ရတော့ နိုင်ငံခြားသားများနဲ့ စာသင်နေရတဲ့ နှစ်ပေါင်းများစွာ ကာလအတွင်းဒီလိုလူမျိုးတွေလည်း ရှိနေပါသေးလားလို့ ကိုယ့်စိတ်ထဲမှာပဲ ကိုယ်တေးမှတ် ထားလိုက်ပါတယ်။

ပြီးတော့ မြန်မာ့ရိုးရာပွဲတော်တွေထဲက သီတင်းကျွတ်လ ကန်တော့ပွဲတွေဆိုရင်လည်း သူ က ဦးဆောင်ပြီးတခြားကျောင်းသားတွေကို စည်းရုံးခဲ့တယ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာကန်တော့ပွဲဆိုတာ အဲနှစ်တွေမှာ ရှိလာခဲ့တယ်၊ ပြီးတော့ ကိုယ့်ဆရာမတွေရဲ့ မိဘတွေ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လက်ဆယ်ဖြာမိုးပြီး ရှိခိုးကန်တော့လေ့ရှိသူပါ။

ကြီးသူ၊ငယ်သူ၊ရွယ်တူတန်းတူများနဲ့လည်း အဆင်ပြေအောင် ရိုရိုကျိုးကျိုးနေတတ်သူပါ၊ ဒါကြောင့်လည်း အဲဒိပညာသင်နှစ်မှာ သူ့ကိုမသိသူဆိုတာ မရှိသလောက်ကို ရှားပါတယ်၊ မြန်မာလူမျိုးတို့ရဲ့အိမ်ကိုလည်း မြန်မာဓလေ့ကိုသိရအောင် သွားလည်လေ့ရှိပါတယ်၊ သွား လည်တဲ့အခါမှာလည်း ဧည့်သည်ကြီးလို မနေပါဘူး။ အခုမှလာလည်ဘူးတဲ့သူလို့မထင်ရ အောင်ပေါင်းသင်းဆက်ဆံရေးက ကောင်းမွန်သူပါ။

စာသင်နှစ်ပြီးလို့ သူ့ပြည်သူ့ရွာကို ပြန်တော့လည်း ဆရာ၊ဆရာမများကို အခွင့်သင့်သလို ဆက်သွယ်နေတတ်သူပါ၊ သူသိချင်တာရှိရင်၊ မေးစရာရှိရင် မေးတတ်သလို၊ ကူညီစရာရှိရင် လည်း စိတ်ရော၊လူပါ အားတက်တရောကူညီတတ်သူပါ၊ မိသားစုကိုလည်း ရတဲ့အချိန် တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့အောင်ထားတတ်သူပါ။

သူတို့က ဘာလို့မွမ်းမံသင်တန်းတက်ရတာလည်းဆိုတာကိုတော့ ထည့်ပြောဖို့လို မယ် ထင် ပါ တယ်၊ သူတို့က သူတို့နိုင်ငံ မှာမြန်မာဘာသာနဲ့  ဘီအေဘွဲ့ရဖို့ သင်ယူနေတုန်း မြန်မာပြည်မှာရှိတဲ့ ရန်ကုန်နဲ့ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်တွေကိုလာပြီး သင်တန်း အသီးသီးကို တက်ရောက်ပြီးသူတွေမို့ ဒီသင်တန်းကို သူတို့အတွက် သီးသန့်ဖွင့် ပေးရတာ ဖြစ်ပါတယ်။

သူကအောင်မြင်မှုကိုသိပ်လိုလားတဲ့သူပါ၊ အမြဲတမ်းကြိုးစားနေတဲ့သူ၊ အောင်မြင်ဖို့အတွက် အရိုးကြေကြေ၊ အရေခမ်းခမ်းကြိုးစားပြီး နေ့မအိပ်၊ညမအိပ် လုပ်တတ်သူ၊ အောင်မြင်မှု အဆင့်ဆင့်ကို အမိအရဆုပ်ကိုင်ချင်သူ၊ အဲလိုလူက အောင်မြင်မှုတွေ သူ့အတွက် ပြည့်စုံပြီ မဟုတ်တောင်မှ ပြည့်သင့်သလောက်ပြည့်နေတဲ့အချိန်ကောင်းလေး ရောက်တော့မှ ဘယ်မှ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးနဲ့မှ လာတိုးခဲ့ရတယ်နော်၊ သူကိုယ်တိုင်လည်း မထင်ခဲ့သလို သူ့ကိုချစ်တဲ့၊ သံယောဇဉ်ရှိတဲ့ သူတွေရဲ့အတွေးထဲမှာလည်း တဇိုးတစိတောင် ထင်မထားခဲ့ တာပါ။

ဒီလိုလူက အားလုံး၊အားလုံးကိုထားခဲ့ပြီး သူလည်းဘယ်လိုမှ မလွန်ဆန်နိုင်တော့လို့ တစ် ယောက်တည်း ရှေ့ကသွားနှင့်ပြီ၊ တကယ်တော့ သူလိုအရွယ်က နေမယ်ဆိုနေလို့ ရသေးတဲ့ အရွယ်ပါ၊ ပျော်မယ်ဆိုလည်းပျော်လို့ရသေးတဲ့ အရွယ်ကောင်းလေးပါ..ဒါပေမဲ့ ဘယ်သူမှ မသွားဘဲမနေရမယ့်နေရာကို သူက သွားနှင့်ပြီပေါ့..

အော်..အခုတော့လည်း ဝေမလိုနဲ့ကြွေ၊ ကြွေမလိုနဲ့ဝေခဲ့ရပြန်ပြီကော လောကကြီးရယ်…