ဆေးလိပ်ကပေးတဲ့ဟာသလေးများ

(GMT+08:00)2017-12-15 16:31:08  CRI

                                 ဆေးလိပ်ကပေးတဲ့ဟာသလေးများ

မေအားမာန်- သောတရှင်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ကျွန်မမေအားမာန်က နှုတ်ခွန်းဆက်ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင်။ ဒီတစ်ပတ် အားမာန် တို့အစီအစဉ်လေးကို မမကြော့နဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။

မေကြော့ရှင်း- သောတရှင်များ မင်္ဂလာပါရှင်၊

မေ- မမကြော့ရေ၊ အဟွတ်..အဟွတ်.. အော ဒီချောင်းကလည်း ဆိုးနေပြန်သေးတယ်နော်၊

ကြော့- အင်း မေအားမာန်တော့ ဒီလောက် ချောင်းတွေ ဆိုးနေတာ၊ ရာသီဥတုကြောင့်လား၊ ဆေးလိပ်တွေ ခိုးသောက်နေလို့လား၊ တစ်ခုခုတော့ တစ်ခုခုပဲနော်။

မေ- ဟာ…မကြော့ကလဲ၊ ဘာလို့ အားမာန်က ဆေးလိပ် ခိုးသောက်ရမှာလဲ၊ ချောင်းဆိုးတာ က အားမာန်တို့ ရုံးခန်းရှေ့မှာ ဆေးလိပ်သောက်ခန်း ဖြစ်နေတာမို့ အဲက အငွေ့တွေကို မရှူ ချင်လည်း ရှူ ရှူနေရလို့ ဆိုးတာပါနော်။

ကြော့- အင်း ဒါဆို မေအားမာန်က ဆေးလိပ်မကြိုက်တဲ့သူ တစ်ယောက်ပေါ့နော်။

မေ- ဟုတ်တယ်လေ၊ မကြော့ရဲ့ ဆေးလိပ်ဆိုတာ လူကို ဘာများကောင်းကျိုးပေးလို့လဲ လို့။

ကြော့- ဟုတ်ပြီ၊ ဒါဆို မေအားမာန်ကို ဆေးလိပ်နဲ့ ပတ်သက်တဲ့ အကြောင်း လေးတွေ၊ ဟာသလေးတွေကို ပြောပြ မယ်၊ ဆေးလိပ် မုန်းသူလေး မေအားမာန် ပျော်သွားအောင်ပေါ့။

မေ- အားမာန်ကိုပျော်အောင်လုပ်ပေးမယ်ဆိုတော့ ကျေးဇူးပါ မကြော့ရယ်၊ ချစ်တဲ့ သောတ ရှင်တွေလည်း နားဆင်ပြီး မကြော့ ပြောတဲ့ ဟာသလေးတွေကို ဘယ်လိုလေးများ မြင်သလဲ၊ ထင်သလဲ ဆိုတာကို အားမာန်တို့ဆီ စာရေးပြီး ပြန်ပြောပြပါဦးနော်။

ကြော့- ဒါဆို မေကြော့ ပြောတော့မယ်နော်၊ အလယ်တန်းကျောင်းတစ်ကျောင်းမှာပေါ့.. ကျောင်းသားလေး သုံး၊လေး၊ငါးယောက်ဟာ လူမမြင်ကွယ်ရာနေရာလေးတစ်နေရာမှာ ဆေးလိပ်ခိုးသောက်နေတယ်တဲ့၊ အဲလိုခိုးသောက်နေတဲ့ သူတို့အုပ်စုကို အားမာန်လို့ ဆေးလိပ်မုန်းတဲ့ကလေးတွေက မြင်လိုက်တော့ ဆရာ့ကိုသွားတိုင်ပြောတယ်တဲ့လေ။

ဆရာက အဲဒိအကြောင်းကို သိတော့ အဲဒိ ဆေးလိပ်ခိုးသောက်တဲ့ ကျောင်းသားလေးတွေ ကို တစ်ယောက်ပြီးတစ်ယောက်ခေါ်ပြီးတွေ့တယ်တဲ့လေ။ ပထမတစ်ယောက်ကို တွေ့တော့

ဆရာ- မင်းဆေးလိပ်ခိုးသောက်တယ်ဆို လို့မေးလိုက်တော့၊

တပည့်(၁)- မသောက်ပါဘူးဆရာ လို့ ပြန်ဖြေတယ်။ အဲတော့ ဆရာက

ဆရာ- အေးလေး၊ဒါဆိုလည်း ပြီးတာပါပဲ၊ ကလေး ရေ ဆရာဝယ်ထားတဲ့ အားလူးချောင်း ကြော်လေး စားသွားပါဦး လို့ ပြောလိုက်တော့ ကလေးကလည်း ၀မ်းသာအားရနဲ့ ဒီလိုစား လိုက်တယ်တဲ့လေ။

တပည့်(၁)- သူ့ရဲ့ လက်ညှိုးလေးနဲ့လက်ခလယ်လေး အကြားကို အားလူးချောင်းကြောလေး တစ်ချောင်းကို ညှပ်ယူပြီးစားလိုက်တယ်။ အဲတော့ ဆရာက သူယူစားတဲ့ပုံစံကို ကြည့်ပြီး

ဆရာ-မင်းစောစောက ဆေးလိပ်မသောက်ဘူးလို့ ပြောခဲ့တယ်နော်၊ ဒါပေမဲ့အခု မင်းလုပ် နေတဲ့ပုံစံက ဆေးလိပ်လက်ကြားညှပ်သောက်တဲ့ပုံစံပဲလေ၊ ကဲ ဒီတော့ မနက်ဖြန် မင်းရဲ့ မိဘတွေကို ခေါ်ခဲ့၊ ၀န်ခံကတိထိုးခိုင်းရမယ်လို့ ပြောလိုက်တယ်တဲ့လေ၊

မေ- ဟိ ဟိ ဒါဆို အားမာန်က ဒုတိယ တစ်ယောက်အကြောင်းပြောပြမယ်လေ၊ နော်၊ အဲလိုပဲ ဆရာက ဒုတိယ တစ်ယောက်ကို သူ့အခန်းထဲခေါ်ပြီး စောစောကလိုပဲ မေးတယ်။ ကျောင်းသားကလည်း မသောက်ဘူးလို့ ငြင်းတယ်၊ ဆရာက သူ့ကို အားလူးကြော် စားခိုင်း ပြန်တယ်၊ အဲတော့ ဒီကျောင်းသားက သူ့သူငယ်ချင်းလို မဖြစ်ရအောင် သတိထားပြီးယူ လိုက်တော့ ဆရာက ကဲ ကလေးရေ ခရမ်းချဉ်သီးဆော့ လေး တို့လိုက်ပါဦးလား လို့ ပြော လိုက်တော့ အဲဒိကျောင်းသားက ဆော့ ကိုတို့ပြီး လက်ညှိုးလေးမှာပေနေတဲ့ အချဉ်ရည် လေးကို ဆေးလိပ်ပြာကို လက်ညှိုးလေးနဲ့ တောက်သလို တောက်လိုက်မိတော့ အဲကလေး လည်း ဆရာဆင်ထားတဲ့ အကွက်ထဲ ၀င်သွားတော့ ဆရာလည်း သူဆေးလိပ်သောက် တတ်မှန်း တန်းကနဲ သိသွားတာပေါ့
အဲတော့ ကဲ မနက်ဖြန် မင်းလည်း မင်းရဲ့မိဘတွေကို ခေါ်ခဲ့လို့ ပြောလိုက်တယ်တဲ့လေ။

ကြော့- ဒါဆို ကြော့က နောက်တစ်ယောက်အကြောင်းပြောမယ်နော်၊ အဲလိုပဲ ဆရာက နောက်တစ်ယောက်ကို ခေါ်လိုက်တယ်။ စောစောကအတိုင်းပဲ မေးတယ်၊ ကျောင်းသားက လည်း မသောက်ဘူးလို့ဘဲ ငြင်းတယ်၊ အားလူးချောင်းကြော် စားခိုင်းတယ်၊ အဲတော့ ဒီ ကျောင်းသားကလည်း ပိုပြီးသတိထားစားတာပေါ့၊ စားပြီးတော့ ဆရာက ကဲ မင်းစားပြီးရင် လည်း မင်းသူငယ်ချင်းအတွက် အားလူးချောင်းကြော်လေး ယူသွားပါဦးလို့ ပြောလိုက်တော့ အဲ ကလေးက အားလူးချောင်းကြော်တစ်ချောင်းကိုကောက်ပြီး သူ့ရဲ့ နားရွက်ကြားထဲ ညှပ် လိုက်တော့ ဆရာရဲ့ အငိုက်ကိုမိသွားတယ်လေ၊ ဆရာက မင်းလည်းမနက်ဖြန် မိဘကို ခေါ်လာပါလို့ ပြောလိုက်တယ်၊

မေ- အင်း ဆရာလုပ်တာက တော်တော်လေး ပညာသားပါတယ်နော်၊ ဒါဆို နောက်ထပ် တစ်ယောက်ကို အားမာန်ပြောလိုက်မယ်၊ ရှေ့ကကျောင်းသားတွေကိုလုပ်သလိုပဲ မေးတယ်

စားခိုင်းတယ်၊ အဲတော့ ဒီကလေးက ရင်တထိတ်ထိတ်နဲ့ အားလူးချောင်းကြော်ကို ဆရာမ ပြောခင် ယူစားမယ်လို့လုပ်လိုက်တော့ ဆရာက ရုတ်တရက် ကျောင်းအုပ်ကြီးလာနေပြီ လို့ ပြောလိုက်တော့ အဲဒိ ကျောင်းသားက အားလူးချောင်းကြော်ကိုပါးစပ်ထဲမထည့်မိဘဲ လက် ထဲက မြန်မြန်လွှတ်ချလိုက်ပြီး ခြေထောက်နဲ့ နင်းခြေလိုက်တယ်လေ၊ ဟီး ဟီး အဲတော့ ဆရာဆင်တဲ့အကွက်ထဲ လျှောကနဲဝင်လာတဲ့ ကျောင်းသားကို ဆရာက မင်းလည်း မနက် ဖြန် မိဘ ခေါ်ခဲ့ပေတော့လိုက်ပြောလိုက်တယ်။

ကြော့- ဟုတ်ပါတယ်၊ နောက်တစ်ယောက်ကိုလည်း အဲလိုပဲ ခေါ်တယ်၊ မေးတယ်၊ အဲလို မေးတော့ ကျောင်းသားက ဆရာယုံအောင် ဆရာရယ် ကျွန်တော် တကယ်မသောက်ပါဘူး၊ ဆရာယုံအောင် သစ္စာဆိုပြပါမယ်လို့ ပြောတယ်၊ အဲတော့ အေးလေ ဒါဆိုလည်း ဟုတ်ပါ ပြီ၊ ကဲ အားလူးကြော်လေးတော့ စားလိုက်ပါဦးလို့ ပြောပြီး မင်း ဘယ်ဆိုင်က အားလူးချောင်း ကြော်ကို အကြိုက်ဆုံးလဲကွာလို့ ရုတ်တရက် မေးခွန်း ကောက်မေးလိုက်တော အဲဒိ ကျောင်းသားဖြေလိုက်တာက ကျွန်တော် အကြိုက်ဆုံးက ငါးသုံးလုံး ပါတဲ့ လေ။ အဲလိုဖြေ လိုက်တော့ ဆရာက မင်းလည်းမနက်ဖြန် မိဘသာ ခေါ်လာခဲ့ပါကွာလို့ ပြောလိုက်တယ်။

မေ- အင်း ကလေးတွေလည်း ဆရာခေါ်ပြီး မေးတော့မယ်ဆိုတော့ အမှားမလုပ်မိအောင် ကြိုပြီးစဉ်းစားထားပေမဲ့ ဆရာရဲ့ လှည့်ကွက်တွေ ထဲပဲတစ်ယောက်ပြီးတစ်ယောက် ၀င် ၀င် သွားတယ်နော်၊ အဲလိုနဲ့ ဆရာကနောက်တစ်ယောက်ကို ထပ်ခေါ်တယ်၊ စောစောက အတိုင်းပဲ မေးတယ်၊ ကျောင်းသားကလည်း ဆရာ့ကို ကြောက်လွန်းလို့ သူ့မျက်နှာက ဖြူဖတ်ဖြူရော်တောင်ဖြစ်နေတယ်၊ ဒါပေမဲ့သူလည်း ခြေကန်ငြင်းတယ်ပေါ့၊ အဲတော့ ဆရာက စား ဖို့ ပြောလိုက်တဲ့အခါ သူက အယောင်ယောင်အမှားမှားနဲ့ မသောက်တော့ပါ ဘူး ဆရာတဲ့လေ၊

ကြော့- ဒီကောင်လေးရဲ့ အဖြေကလည်း သောက်တတ်တယ် ဆိုတာကို တန်းကနဲ သိနိုင် တယ်နော်၊ ကဲ အားမာန်ရေ ဒီဟာသ လေးတွေက တရုတ်လူမျိုးတွေ ရေးထားတဲ့ ဟာသ လေးတွေပေါ့၊ မေကြော့တို့ရဲ့ သောတရှင်တွေကော ပျော်ရွှင်သွားတယ် မဟုတ်လားရှင်၊

မေ- အော မကြော့ကလည်း ပျော်မှာပေါ့လို့၊ ဒါက ဘယ်နိုင်ငံက ဆေးလိပ်သောက်တတ်တဲ့ သူတွေပဲဖြစ်ဖြစ် ဒီလို အကျင့်တွေရှိတတ်ကြတာပဲမဟုတ်လားရှင်၊ ပြီးတော့ ကိုယ့်ကလေး တွေကို ဆေးလိပ်သောက်တတ်လား၊မသောက်တတ်လား သိချင်တဲ့သူတွေအတွက် အ ကြိုက်တွေ့မယ်လို့ထင်တယ်လေ၊ ပြီးတော့ ကလေးတွေကို ဆေးလိပ်သောက်လား၊ဘာ လားဆိုပြီးဆူပူရိုက်နှက်စရာမလိုဘဲ သိအောင်လုပ်လို့ရတဲ့နည်းလေးလေ၊ ဒါလေးက လူ တိုင်းသိပြီးသားလေးတွေကို ထောက်ပြပြီး ပြောထားတဲ့ နည်းကောင်းလေးလို့လည်း ထင် တယ်လေ။

ကြော့- ကဲ ဒီတစ်ခါတော့ ဆေးလိပ်ကုမ္ပဏီ တစ်ခုက အရောင်းမြှင့်တင်ရေး ၀န်ထမ်းတစ်ယောက်နဲ့ပတ်သက်တဲ့ ဟာသလေး ကို ဆက်ပြောပြမယ်နော်။

မေ- အင်း.. အဲဒိဟာသလေးက အမေရိကန်နိုင်ငံရဲ့ ဆေးလိပ်ကုမ္ပဏီရဲ့ အရောင်းမြှင့်တင် ရေးဝန်ထမ်းတစ်ယောက်ကို လှောင်ထားတဲ့ ဟာသလေးမဟုတ်လား မကြော့ရဲ့..

ကြော့- ဟုတ်ပါတယ်၊ သူက သူတို့ရဲ့ ဆေးလိပ်တွေကို ပြင်သစ်နိုင်ငံမှာ အရောင်းသွက်ချင် လို့ ပါရီမြို့ကိုလာပြီး အဲမြို့ရဲ့ ခန်းမကြီးတစ်ခုမှာ sell promotion လာလုပ်တယ်၊ ပြီးတော့ အဲပွဲမှာ သူက ဆေးလိပ်သောက်တတ်တဲ့သူက ခံစားမှုအမျိုးမျိုးကို ခံစားနိုင်တယ်၊ စိတ်ကို ပျော်ရွှင်စေတယ် စတဲ့ ကောင်းတဲ့အချက်လေးတွေကိုပဲ ပြောပြီး သူ့တို့ဆေးလိပ်ရဲ့ အရသာ ဘယ်လိုကောင်းတယ်၊ သောက်တဲ့သူတွေ စိတ်ဝင်စားလာအောင် နည်းအမျိုးမျိုးနဲ့ အားဘောင်အားရင်းသန်သန် ပြောပြီး ဆွဲဆောင်နေတာပေါ့၊

မေ- ဟိ ဟိ မကြော့၊ အဲအချိန်မှာပဲ ပရိသတ်ထဲက ဖိုးဖိုးကြီးတစ်ယောက်က သူ့ပြောနေတဲ့ စင်မြင့်ပေါ်ရုတ်တရက် တက်လာတော့ အဲဒိသူလည်း ရုတ်တရက် လန့်သွားတယ်၊ ပြီးတော့ အဲ ဖိုးဖိုးကြီးက Lady n Gentleman လို့ နှုတ်ဆက်ပြီး ဆေးလိပ်သောက်တာဟာ ဘယ် လောက်တောင် ကောင်းတယ် ဆိုတာကို တက်ပြောပြန်တယ် မဟုတ်လား ရှင်၊ မကြော့ မောမှာစိုးလို့ နော်..ဟိဟိ

ကြော့- ဟုတ်တယ်၊ ကြော့က အဲဖိုးဖိုးကြီးပြောတဲ့ စကား သုံးခွန်းကို ပြောပြပါမယ်၊ ဆေးလိပ်သောက်တတ်တဲ့သူကို ခွေးကမကိုက်ရဲဘူး၊ဆေးလိပ်ချိုးတွေကို တွေ့တာနဲ့ ခွေးက ထွက်ပြေးတယ်တဲ့၊ နောက်တစ်ခွန်းက ဆေးလိပ်သောက်တတ်တဲ့ သူရဲ့အိမ်ကို သူခိုးလည်းမကပ်ရဲဘူး၊ များများသောက်တဲ့သူရဲ့အိမ်ဆို သူခိုးရန်ကကင်းမယ်တဲ့လေ၊ အဲတော့ ပရိသတ်တွေက ထူးဆန်းလိုက်တာဆိုတဲ့ အတွေးတွေ သူတို့ရဲ့ မျက်နှာမှာ ပေါ်နေ ပြီး အရောင်းဝန်ထမ်းကတော့ အရမ်းကို ပျော်နေတာပေါ့လေ၊ နောက်ဆုံးတစ်ခွန်းက ဆေးလိပ်သောက်တဲ့သူတွေက ဘ၀တစ်လျှောက်လုံး အရွယ်နုပျို တယ်တဲ့လေ။ အဲစကား လည်းဆုံးသွားရော ပရိသတ်အားလုံးက ၀မ်းသာအားရတွေဖြစ်ပြီး ဟိုလူကလည်း အရမ်း ကိုအားရနေတာပေါ့လေ၊ အဲတော့မှ ဖိုးဖိုးကြီးက လက်တစ်ချက်ဝှေ့ပြီး ပရိသတ်ကြီးခင်ဗျာ

ကျွန်တော်ဘာလို့ ဒီလိုစကားသုံးခွန်းတက်ပြောရလည်းဆိုတာကို မရှင်းပြရသေးပါဘူး လို့ ပြောလိုက်တော့ အဲဒိလူက ပရိသတ်ကြီးခင်ဗျာ ငြိမ်သက်စွာဆက်ပြီးနားထောင်ပေးပါလို့  ၀မ်းသာတဲ့လေသံကြီးနဲ့ပြောလိုက်တယ်၊ ဖိုးဖိုးကြီးက ဒီလို ဆက်ပြောတယ်၊ ဆေးလိပ် သောက်သူတွေကို ခွေးကဘာလို့ကြောက်လဲ ဆိုတော့ ဆေးလိပ်သောက်တဲ့သူတွေက ရှူနာရှိုက်ကုန်းတွေ၊ လက်ပြင်တွေကုန်း၊ခါးတွေကိုင်းနေကြတယ် ဒါဆို ခွေးတွေက သူတို့ကိုတွေ့ရင် ငါတို့ကိုများ ဒီလူက ခဲနဲ့ပေါက်မလားဆိုပြီး ကြောက်ကြတာပါဗျာ။

အဲစကားကိုကြားလိုက်တော့ ပရိသတ်ကြီးက ပြုံးသွားတယ်၊ ဟိုလူကတော့ လန့်သွားတယ် ပေါ့၊

ဖိုးဖိုးကြီးဆက်ပြောတာက ဆေးလိပ်သောက်သူတွေဆိုတာ ညဘက်ရောက်ရင် ချောင်းဆိုး တတ်ကြတယ်၊ အသောက်များတဲ့သူတွေ တစ်ညလုံးကို ဆိုးနေတော့တာပဲ၊ ဒါဆို ဘယ်သူ ခိုးက အဲဒိအိမ်နားကပ်ပြီး ခိုးရဲတော့မလဲဗျာ တဲ့လေ၊  အဲဒိစကားလည်း ဆုံးကော ပရိသတ် ကြီးက ၀ါးလုံးကွဲရယ်ကြတာပေါ့၊ ဟိုလူကတော့ ချွေးတွေ ပြန်နေတာပေါ့၊

နောက်ဆုံးစကားက ဆေးလိပ်သောက်တဲ့သူတွေက သက်တမ်းတိုတယ်လေ၊ ဒါဆို သူတို့ ဘ၀ကနုပျိုနေတုန်း သေခဲ့ကြရတယ်မဟုတ်လား၊ အဲတော့ ဘ၀တစ်လျှောက်လုံး နုပျိုတယ် လို့ပြောလို့ရတယ်ပေါ့ဗျာ လို့လည်းပြောလိုက်ရော အရောင်းဝန်ထမ်းလည်း အဲဒိ အခန်းထဲ က တစ်ချိုးတည်းလစ်ပြေးတော့တာပဲလေ၊

မေ- မကြော့ ပြောရတာ မောသွားပြီ၊ အခုဆို သောတရှင်တွေလည်း သဘောကျနေကြီပြီ၊ ပြီးတော့ အချိန်ကလည်းစေ့နေပြီတဲ့လေ၊ ဒါကြောင့် ဒီနေ့အစီအစဉ်လေးကို ဒီနေရာမှာပဲ ရပ်နားခွင့်ပြုပါရှင်၊ သောတရှင်များ ကိုယ်၊စိတ်နှဖြာကျန်းမာ၊ချမ်းသာတော်မူကြပါစေလို့ ဆုတောင် မေတ္တာပို့သရင်း နှုတ်ဆက်လိုက်ပါရစေနော်။

ကြော့- သောတရှင်များ ကျိုက်ကျန့်။