အင်ဒိုနီးရှားတွင် အကြမ်းဖက် တိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပွား

CRI2018-05-16 14:49:51

မကြာခင်ရက်များက အင်ဒိုနီးရှား နိုင်ငံ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် စူရာဘာယာ မြို့တွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဗုံးဖောက်ခွဲမှုများကို မိသားစု ၃ခု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြုလုပ်သူများတွင် အရွယ်မရောက်သူများ ပါဝင်ကြောင်း၊ ဗုံးပေါက်ကွဲမှုများကြောင့် လူ ၂၅ဦးထက်မနည်း သေဆုံးပြီး ၃-၄ဆယ် ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဗုံးဖောက်ခွဲမှုများ ပြုလုပ်သူများသည် အစွန်းရောက် အိုင်အက်စ်အဖွဲ့မှ အစွန်းရောက် အတွေးအခေါ်များ၏ ဂယက်ရိုက်ခတ်မှု ခံရပြီး အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ စုံစမ်းမှု ရလာဒ်အရ သိရသည်။

ဆီးရီးယား၊ အီရတ်နှင့် ဖိလစ်ပိုင် တောင်ပိုင်း စသည့် စစ်မြေပြင်များတွင် အိုင်အက်စ်အဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ တရှုံးတည်း ရှုံးသွားသော်လည်း အိုက်အက်စ်အဖွဲ့၏ ခြိမ်းခြောက်မှုသည် အခြားနိုင်ငံများတွင် ပျံ့နှံနေပြီး အန္တရာယ် ကြီးမားနေသေးကြောင်း၊ အိုင်အက်စ်အဖွဲ့ ပြန်လည်မလွှမ်းမိုးလာအောင် နိုင်ငံ အသီးသီးတို့ အကြား ပူးပေါင်းဆောင်ရွက်မှု ဆက်လက် ပြုလုပ်ရန် လိုအပ်ကြောင်း အကဲခတ်များက ယူဆကြသည်။

ယင်းဗုံးဖောက်ခွဲမှုများ ပြုလုပ်သူ မိသားစုများသည် အင်ဒိုနီးရှား အစွန်းရောက်အဖွဲ့ တစ်ခုတွင် ပါဝင်ကြကြောင်း၊ ၄င်းအဖွဲ့သည် အိုင်အက်စ်အဖွဲ့ အပေါ် သစ္စာစောင့်စည်း သည်ဟု ကြေညာကြောင်း၊ အမေရိကန်သည် ၄င်းအဖွဲ့ကို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ခဲ့ကြောင်း အင်ဒိုနီးရှားရဲဖက်မှ ပြောကြားသည်။

ယင်းဗုံးဖောက်ခွဲမှုများ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတယ်ရက်စ်က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ရာ ယင်းအကြမ်းဖက်မှုများ အပေါ် ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြသည့်အပြင်၊ ကလေးငယ်ကို အသုံးပြုပြီး အကြမ်းဖက်မှု ပြုလုပ်ခြင်း အပေါ် တုန်လှုပ်မိကြောင်းလည်း ဖော်ပြသည်။

အင်ဒိုနီးရှား လွှတ်တော်က အကြမ်းဖက်မှု တိုက်ဖျက်ခြင်း ဥပဒေပြုရေး လုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်ပြီး ဇွန်လ အတွင်း သက်ဆိုင်ရာ အချေအတင် ဆွေးနွေးမှုကို ပြုလုပ်ပြီးစီးမည် ဖြစ်ကြောင်း ပြောကြားသည်။ ၄င်းအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေသည် အကြမ်းဖက် တိုက်ခိုက်မှု ကြိုတင်ကာကွယ်ရေး အတွက် ရဲဖက် အနေနှင့် လက်ဦးမှု ရရှိရန် အထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

Not Found!(404)