ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၁ ရက်နေ့ညက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ခြင်း ပြီးဆုံးခဲ့ပြီး အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လာစဉ် လမ်းတစ်ဝက်တွင် မော်ရိုကိုနိုင်ငံ Casablancaမြို့၌ နည်းပညာအရ ခေတ္တ ရပ်နားခဲ့ပါသည်။
ဆဋ္ဌမမြောက် မော်ရိုကိုဘုရင် မိုဟာမက်၏ တာဝန်ခန့်အပ်ချက်အရ မော်ရိုကို အိမ်ရှေ့မင်းသား ဟာစန်၊ ဝန်ကြီးချုပ် အာဟေနော်ချင်တို့သည် လေဆိပ်သို့ လာရောက်ပြီး ရှီကျင့်ဖိန်အား ကြိုဆိုကာ လေဆိပ်တွင် ကြိုဆိုပွဲ အခမ်းအနားကိုလည်း ကျင်းပခဲ့ပါသည်။
လေဆိပ်၌ ရှီကျင့်ဖိန်သည် အိမ်ရှေ့မင်းသား ဟာစန်နှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ရှီကျင့်ဖိန်က မော်ရိုကိုနိုင်ငံ၏ နိုင်ငံတော် လုံခြုံတည်ငြိမ်မှု ထိန်းသိမ်းရေး ဆောင်ရွက်မှုများကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ တစ်ဖက်သား၏ အမြုတေ အကျိုးစီးပွား ရေးရာတွင် ပြတ်ပြတ်သားသား ဆက်လက် အပြန်အလှန် ထောက်ခံလိုပါကြောင်း၊ နှစ်ဖက်တို့သည် လူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တိုးချဲ့ ဆောင်ရွက်ပြီး နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ဆက်လက် တိုးတက်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဟာစန်က မော်ရိုကို ဘုရင့်မိသားစုနှင့် အစိုးရတို့သည် နှစ်နိုင်ငံ ဆက်ဆံမှု တစ်ဆင့်တိုး တိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပြီး တရုတ်နိုင်ငံနှင့် အဆင့်မြင့် ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းထားကာ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။