ရှီကျင့်ဖိန်နှင့် ဘရာဇီး သမ္မတ လူလာတို့ ၊ သတင်းထောက်များနှင့် တွေ့ဆုံ

(GMT+08:00)2024-11-21 06:27:20  

ဒေသ စံတော်ချိန် ယခုလ ၂၀ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီး နိုင်ငံ သမ္မတ လူလာတို့သည် Brasilia မြို့တော်ရှိ သမ္မတရုံးတွင် တွေ့ဆုံနှုတ်ဆက်ပြီး သတင်းထောက်များနှင့်  တွေ့ဆုံခဲ့ကြသည်။

ရှီကျင့်ဖိန်က မိမိတို့သည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို ကောင်းမွန်စွာ ဆောင်ရွက်သင့်သည်ဟု တစ်ညီတစ်ညွတ်တည်း ယူဆကြကြောင်း၊ စီးပွား ကုန်သွယ်ရေး၊ ငွေရေးကြေးရေး၊ သိပ္ပံနည်းပညာ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည့် အရေးကြီး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး စွမ်းအင် အသုံးပြုမှု ဖွဲ့စည်းပုံ အသွင်ကူးပြောင်း ရေး၊ ဒီဂျစ်တယ် စီးပွားရေး၊ ဉာဏ်ရည်တုနှင့် မြစိမ်းရောင် သတ္တုတွင်းထွက်ပစ္စည်း စသည့် ထွန်းသစ်စ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကာ နှစ်နိုင်ငံတို့ အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဇောက်ချ ပြုလုပ်၍ တရုတ်-ဘရာဇီး နှစ်နိုင်ငံ ခေတ်မီရေး တည်ဆောက်မှုကို အရှိန်မြှင့်စေရန် အထောက် အကူ ပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူလာက မိမိတို့သည် ကုလသမဂ္ဂ၊ G20၊ BRICSစသည့် ဘက်ပေါင်းစုံ ယန္တရားများတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး ရင်းနှီးစေပြီး ကမ္ဘာ စီမံအုပ်ချုပ်ရေး စနစ် ပြုပြင်ပြောင်းလဲမှုကို အတူတကွ အားပေးတိုက်တွန်းကာ တရားမျှတမှု၊ ဒီမိုကရေစီကျမှု၊ တန်းတူညီမျှမှုနှင့် စဉ်ဆက်မပြတ်ဖြစ်မှု ပိုမိုများပြားသည့် နိုင်ငံတကာ စည်းစနစ်ကို တည်ဆောက်၍ hot-spot ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် ဘရာဇီး ခရီးစဉ်သည် ဘရာဇီး-တရုတ် ဆက်ဆံမှု အတွက် သမိုင်းဝင် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။