ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယိုဒီဂျနေးရိုးမြို့တွင် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်စဉ် အတောအတွင်း အာဂျင်တီးနားနိုင်ငံ သမ္မတ Milei နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် အာဂျင်တီးနား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် အနှစ် ၅၀ ကျော်အတွင်း နှစ်ဖက်တို့သည် အပြန်အလှန် လေးစားရေး၊ တန်းတူရည်တူ သဘောထားရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးကို စွဲကိုင်ထားကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ထားရှိခဲ့သည့် ၁၀ နှစ် ပြည့်မြောက်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် အတိတ်ကို ဆက်ခံပြီး အနာဂတ်ကို ဖန်တီးရန် အရေးကြီးသည့် အချိန်ကာလတွင် တည်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေး အစဉ်အလာကို တန်ဖိုးထားပြီး အာဂျင်တီးနားက ပြုပြင်ပြောင်းလဲရေးဖြင့် ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းကို စူးစမ်းခြင်းကို ထောက်ခံပါကြောင်း၊ အာဂျင်တီးနားနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ရေရှည်တည်ငြိမ်စွာ တိုးတက်ရေးကို တွန်းအားပေးလိုပါကြောင်း ပြောကြား ခဲ့ပါသည်။
Milei က အာဂျင်တီးနားနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရေးအစဉ်အလာ ခိုင်ခံ့ပြီး အာဂျင်တီးနားနိုင်ငံသည် တရုတ်နိုင်ငံ၏ ယုံကြည်အားကိုးရပြီး တည်ငြိမ်သော ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဖြစ်လိုပါကြောင်း၊ အာဂျင်တီးနားနိုင်ငံသည် ထိုင်ဝမ်ရေးရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ထောက်ခံပြီး တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို စွဲကိုင်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး၊ စွမ်းအင်နှင့် သတ္တုလုပ်ငန်း၊ ငွေရေးကြေးရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။