တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘိုလီဗီးယားနိုင်ငံသမ္မတ Luis Arce နှင့် တွေ့ဆုံ

(GMT+08:00)2024-11-20 00:03:32  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ရီယိုဒီဂျနေးရိုမြို့တွင် G20 ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက် စဉ်အတောအတွင်း ဘိုလီဗီးယားနိုင်ငံသမ္မတ Luis Arce နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ဘိုလီဗီးယားနိုင်ငံမှ မိမိနိုင်ငံ၏ ထူးခြားချက်ဝိသေသနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လွတ်လပ်စွာ ရှာဖွေရန် ထောက်ခံကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် တရုတ်-ဘိုလီဗီးယား သံတမန် အဆက်အသွယ်ထားရှိသည့် အနှစ် ၄၀ ပြည့်မြောက်ခြင်းကို အခွင့်ကောင်းအဖြစ်ယူပြီး ဘိုလီဗီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံအစဉ်အလာချစ်ကြည်ရေးကို ထွန်းကားစေပြီး မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုများကို တိုးပွားစေကာ အပြန်အလှန်အကျိုးရှိ စေသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့၍ တရုတ်-ဘိုလီဗီးယားမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ ပါသည်။

    သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် လက်တင်အမေရိကဒေသ တစ်ပြေးညီ ဖြစ်စေရေးကို ထောက်ခံကြောင်း၊ ဘိုလီဗီးယားနိုင်ငံနှင့်အတူ တရုတ်-လက်တင်အမေရိက ဖိုရမ်စနစ် ထူထောင်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း အလေးထားပြောကြားခဲ့ပါသည်။
    သမ္မတ Luis Arce က ဘိုလီဗီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လာမည့် ၂၀၂၅ ခုနှစ်တွင် တရုတ်-ဘိုလီဗီးယား သံတမန်အဆက်အသွယ်ထားရှိသည့် အနှစ် ၄၀ ပြည့်မြောက်ခြင်းကို အတူတကွဂုဏ်ပြုထောမနာပြုမည် ဖြစ်ပြီး နှစ်နိုင်ငံမဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တက်မြှင့်တင်ကာ အခြေခံအဆောက်အအုံ အပြန်အလှန် ချိတ်ဆက်မှုစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ကာ ဘိုလီဗီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘိုလီဗီးယားပြည်သူများ၏ ချမ်းသာသုခ မြှင့်တင်ရေးအတွက် အထောက်အကူပြုရန် ဆန္ဒရှိကြောင်း၊ ဘိုလီဗီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ BRICS နှင့် တရုတ်-လက်တင်အမေရိကဖိုရမ်စသည့် ဘက်ပေါင်းစုံ စနစ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။