ရှီကျင့်ဖိန်သည် ဂျာမဏီ ဝန်ကြီးချုပ် Scholz နှင့် တွေ့ဆုံ

(GMT+08:00)2024-11-19 20:52:07  

   ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယိုဒီဂျနေးရိုးမြို့တွင် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်စဉ် အတောအတွင်း ဂျာမဏီ ဝန်ကြီးချုပ် Scholz နှင့် တွေ့ဆုံခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ကမ္ဘာ့ ဒုတိယနှင့် တတိယ စီးပွားရေးအုပ်စုနိုင်ငံများနှင့် အရေးကြီးသည့် သြဇာညောင်းမှုရှိသည့် နိုင်ငံကြီးတွေ အနေဖြင့် တရုတ်နှင့် ဂျာမဏီတို့သည် ရေရှည်နှင့် မဟာဗျူဟာမြောက် ရှုထောင့်မှနေ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ခိုင်ခံ့ရေးကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဂျာမဏီအပေါ် မူဝါဒများသည် အလွန် တည်ငြိမ်ပြီး ဆက်တိုက် ဖြစ်ကာ ဂျာမဏီနှင့်အတူ တစ်ဖက်သား၏ အမြုတေ အကျိုးစီးပွားနှင့် အရေးကြီး အာရုံစိုက်ချက်များကို လေးစားခြင်း၊ သဘောကွဲလွဲမှုများကို ချန်ထားပြီး သဘောတူညီမှုများကို ရှာကြံခြင်းနှင့် အပြန်အလှန် ကူးလူးဖလှယ်ခြင်းတို့ကို စွဲကိုင် လိုပါကြောင်း၊ နှစ်ဖက်တို့သည် ဒစ်ဂျစ်တယ် ဖြစ်ရေး၊ စမတ် ဖြစ်ရေး၊ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အရည်အသွေး မြှင့်တင်ခြင်းကို တွန်းအားပေးရမည် ဖြစ်ပြီး တတိယဘက် ဈေးကွက်များကို လက်တွဲ တိုးချဲ့ကာ အကျိုးတူ ပူးပေါင်ဆောင်ရွက်ရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Scholz က မျက်မှောက် ရှုပ်ထွေးပွေလီသော နိုင်ငံတကာ အခြေအနေတွင် ဂျာမဏီနှင့် တရုတ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ခြင်းသည် လွန်စွာ အရေးကြီးပါကြောင်း၊ ဂျာမဏီ အနေနှင့် တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တစ်ဆင့်တိုး တိုးတက်လာရန် မျှော်လင့်ကြောင်း၊ တန်းတူရည်တူ ဖြစ်ရေး၊ ပွင့်ပွင့်လင်းလင်း ဖြစ်ရေးနှင့် အပြန်အလှန် လေးစားရေး စိတ်ဓာတ်ဖြင့် နှစ်ဖက်အကြားနှင့် ဘက်ပေါင်းစုံ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး သဘောကွဲလွဲမှုများကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းကာ အပြန်အလှန် အကျိုးရှိစေရေးကို ဖော်ဆောင်၍ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးနှင့် ဘုံစည်ပင်သာယာရေးအတွက် အကျိုးပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။