ဒေသစံတော်ချိန် ယခုလ ၁၆ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပီရူး နိုင်ငံ လီမာမြို့တော်တွင် အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၁နာရီ ၄၅မိနစ်ကြာသော တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ပွင့်လင်းစွာ၊ နက်ရှိုင်းစွာနှင့် အပြုသဘောဆောင်စွာဖြင့် ကူးလူးဖလှယ်ခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်သည် လွန်ခဲ့သည့် ၄နှစ် အတွင်း တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် အတွေ့အကြုံများနှင့် ဉာဏ်အလင်း အချက် ၇ချက်ကို ပေါင်းရုံးသုံးသပ်ပြီး တရုတ်နိုင်ငံမှ “ပြောင်းလဲမှု မရှိခြင်း အချက် ၄ချက်”ကို စွဲကိုင်ကြောင်း အလေးထားဖော်ပြသည့်အပြင်၊ အမေရိကန် နိုင်ငံနှင့် ဆွေးနွေးမှုကို ဆက်လက် ထိန်းသိမ်းထားပြီး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ သဘောကွဲလွဲမှုများကို စီမံထိန်းချုပ်၍ နှစ်နိုင်ငံ ဆက်ဆံမှု၏ ရခဲသော ပြန်လည် တည်ငြိမ်ရေး အရှိန်ကို ထိန်းသိမ်းထားရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်းလည်း ပြောကြားခဲ့သည်။ သမ္မတ ဘိုင်ဒန်က အမေရိကန် နိုင်ငံသည် တရုတ် နိုင်ငံ အပေါ် “စစ်အေး အသစ်”ကို ရှာကြံမည် မဟုတ်ကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေးကို အားပေးထောက်ခံမည် မဟုတ်ကြောင်း စသည့် နိုင်ငံရေး ကတိကဝတ်များကို ထပ်မံ ဖော်ပြခဲ့သည်။
ယခုအကြိမ် တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန် အစိုးရ အာဏာ လွှဲပြောင်းပေးအပ်သည့် ကူးပြောင်းရေး အချိန်ကာလတွင် ကျင်းပခြင်း ဖြစ်သည်။ တရုတ် နိုင်ငံသည် အမေရိကန် အပေါ် မူဝါဒကို ဆက်တိုက် ကျင့်သုံးမှု ရှိခြင်းနှင့် မြင့်မားသော တာဝန်သိမှုကို ပြသနေသည်။ ယင်းသည် တရုတ် နိုင်ငံ အနေနှင့် ဘိုင်ဒန်၊ ဘိုင်ဒန်၏ သမ္မတ နေရာကို ဆက်ခံသူနှင့် အတူ တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရန် အတွက် လက်တွဲ ကြိုပမ်းလိုသည့် စိတ်ရင်းစေတနာကို ပြသခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်သည် အတွေ့အကြုံများနှင့် ဉာဏ် အလင်း အချက် ၇ချက်ကို ပေါင်းရုံးသုံးသပ်ခဲ့သည်။ ပထမ အချက်က မှန်ကန်သည့် မဟာ ဗျူဟာမြောက် သိမြင်နားလည်မှု ရှိသင့်ကြောင်း၊ ဒုတိယ အချက်က အပြောနှင့်လုပ်ဆောင် ချက် ကိုက်ညီ သင့်ကြောင်း၊ တတိယ အချက်က တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံသင့် ကြောင်း၊ စတုတ္ထ အချက်က အနီရောင်မျဉ်းကြောင်းကို စိန်ခေါ်၍ မရကြောင်း၊ ပဉ္စမ အချက်က ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း၊ ဆဋ္ဌမ အချက်က ပြည်သူများ၏ မျှော်လင့် ချက်ကို ထောက်ထားသင့်ကြောင်း၊ သတ္တမ အချက်က နိုင်ငံကြီး၏ တာဝန်ယူတတ်ခြင်းကို ပြသသင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် တရုတ်-အမေရိကန် သံတမန် ဆက်ဆံမှု ထားရှိသည့် ၄၅နှစ်အတွင်း ရရှိခဲ့သော အတွေ့အကြုံများနှင့် ဉာဏ်အလင်းများကို ပေါင်းရုံးသုံးသပ်ချက်များ ဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံဖြိုးတိုးတက်ရေး အတွက် ဦးတည်ချက်ကို ညွှန်ပြပေးသည်။
လွန်ခဲ့သည့် ၄၅နှစ် အတွင်း နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲသည် ဖြစ်စေ၊ အမေရိကန် အပေါ် တရုတ် နိုင်ငံ၏ မူဝါဒသည် ပြောင်းလဲမှု မရှိပါ။ ယင်းမူဝါဒမှာ နှစ်နိုင်ငံတို့သည် ယှဉ်ပြိုင်သူမဟုတ်ဘဲ မိတ်ဖက်ဖြစ်သင့်ကြောင်း၊ အပြန်အလှန် ထိခိုက်မှု မပြုဘဲ အပြန်အလှန် အကျိုးရှိစေသင့်ကြောင်း၊ ဆိုးရွားသော ယှဉ်ပြိုင်မှုကို မပြုဘဲ သဘောကွဲလွဲမှုကို ဘေးဖယ်ထားပြီး သဘောတူညီမှုကို ရှာကြံသင့်ကြောင်း ဖြစ်သည်။
သမ္မတ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ဆက်ဆံမှု စဉ်ဆက်မပြတ် တည်ငြိမ် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ဆောင်ရန် တရုတ် နိုင်ငံ၏ ရည်မှန်းချက် ပြောင်းလဲခြင်း မရှိကြောင်း၊ အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေရေးဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းသည့် အခြေခံမူ ပြောင်းလဲခြင်း မရှိကြောင်း၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ခိုင်မာပြတ်သားစွာ ထိန်းသိမ်း ကာကွယ်သည့် ရပ်တည်ချက် ပြောင်းလဲခြင်း မရှိကြောင်း၊ တရုတ်-အမေရိကန် ပြည်သူ များ၏ ချစ်ကြည်ရေး အစဉ်အလာကို လက်ဆင့်ကမ်းသည့် လိုအင်ဆန္ဒ ပြောင်းလဲခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ယင်း “ပြောင်းလဲမှု မရှိခြင်း အချက် ၄ချက်”သည် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန်၊ ကမ္ဘာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းကာကွယ်ရန် တရုတ် နိုင်ငံ၏ တာဝန်သိမှု သဘောထားကို ပြသနေသည်။
ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး ဖြစ်သည့် နှစ်ဖက် ဆက်ဆံမှု ဖြစ်သော တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများနှင့် သက်ဆိုင်သည့်အပြင်၊ လူသားတို့၏ ရှေ့ရေးနှင့် ကံကြမ္မာနှင့်လည်း သက်ဆိုင်သည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် ယင်းအပေါ် မြင့်မားသော သဘောတူညီမှု ရှိသည်။ တရုတ်နှင့် အမေရိကန်တို့သည် ကမ္ဘာ ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးတွင် ထူးခြားသော တာဝန်ဝတ္တရား ရှိပြီး မတည်မငြိမ်ဖြစ် နေသော ကမ္ဘာအတွက် သေချာမှုနှင့် အပြုသဘောဆောင်သော အင်အားများကို ဖော်ဆောင်ပေးသင့်သည်။