ရှီကျင့်ဖိန်သည် ရီယိုဒီဂျနေးရိုးမြို့ရှိ Galeao လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိပြီး စာလွှာဖြင့် မိန့်ခွန်း ထုတ်ပြန်

(GMT+08:00)2024-11-18 05:48:51  

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် G-20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ရန် ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ရီယိုဒီဂျနေးရိုးမြို့ရှိ Galeao လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိသည့်အခါ စာလွှာဖြင့် မိန့်ခွန်း ထုတ်ပြန်ခဲ့ပါသည်။

   ရှီကျင့်ဖိန်က ဘရာဇီး နိုင်ငံ သမ္မတ Lula ၏ ဖိတ်ကြားချက်အရ ၁၉ ကြိမ်မြောက် G-20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ရန် သာယာလှပသော ဘရာဇီးနိုင်ငံသို့ လာရောက်ရသည့်အတွက် အလွန် ဝမ်းသာပါကြောင်း၊ မိမိသည် ဘရာဇီးနိုင်ငံသို့ ၄ ကြိမ်တိုင်တိုင် ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ် ၃၀ နီးပါးအတွင်း ဘရာဇီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှုများကို မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရကာ နွေးထွေးမှု ပြည့်နှက်သော ဘရာဇီးနိုင်ငံ၏ နယ်မြေသို့ နောက်ထပ် တစ်ကြိမ် ရောက်ရှိလာသည့်အခါ လွန်စွာ ခင်မင်ရင်းနှီးသည်ဟု ခံစားရမိကြောင်း၊ မိမိသည် တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စား ဘရာဇီး အစိုးရနှင့် ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်ပြီး ဆုမွန်ကောင်းများ တောင်းပေးပါကြောင်း၊ တရုတ်နှင့် ဘရာဇီးတို့သည် ရည်မှန်းချက် ဆန္ဒများ တူညီသော မိတ်ဆွေကောင်းနှင့် လက်တွဲ ချီတက်ကြသော မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ ယခုနှစ်များတွင် မိမိနှင့် သမ္မတ Lula တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် ဆက်တိုက် နက်ရှိုင်းလာပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှု ရလဒ်များ ရရှိကာ လူမှုရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာ၍ ချစ်ကြည်ရေးအစဉ်အလာသည် ခေတ်သစ်တွင် ပိုမို ထွန်းလင်းလာနေကြောင်း၊ တရုတ်နှင့် ဘရာဇီးတို့သည် နိုင်ငံတကာတွင် ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ၏ တရားမျှတသော အသံများကို လက်တွဲ ဖော်ပြကြပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့ခြင်း နှစ် ၅၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ မိမိသည် နှစ်နိုင်ငံ ဆက်ဆံမှု တစ်ဆင့်တိုး တိုးတက်ရေး၊ နှစ်နိုင်ငံကြား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်မှု မြှင့်တင်ရေးနှင့် အတူတကွ အလေးထားကြသော နိုင်ငံတကာနှင့် ဒေသရေးရာများနှင့် ပတ်သက်ပြီး သမ္မတ Lula နှင့် လေးနက်စွာ အမြင်ချင်း ဖလှယ်ကြရန် မျှော်လင့်ကြောင်း၊ မိမိသည် ၁၉ ကြိမ်မြောက် G-20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ပြီး ဘက်အသီးသီးတို့နှင့်အတူ စီမံချက်များကို အတူ တိုင်ပင်ဆွေးနွေးရန်၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူ ကြံဆရန်၊ တန်းတူရည်တူဖြစ်ပြီး စနစ်တကျ ဖြစ်သော ကမ္ဘာ multipolarization ဖြစ်ရေးနှင့် အားလုံး အကျိုးခံစားရသော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို လက်တွဲ တိုက်တွန်းလှုံ့ဆော်ရန်၊ G-20 ကို  ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီး ပလက်ဖောင်းတစ်ခုအဖြစ် ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်စေဖို့ တွန်းအားပေးရန်လည်း မျှော်လင့်ပါကြောင်း ဖော်ပြထားပါသည်။