ရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် G-20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ရန် ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိ

(GMT+08:00)2024-11-18 06:04:24  

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဘရာဇီး နိုင်ငံ သမ္မတ Lula ၏ ဖိတ်ကြားချက်အရ ၁၉ ကြိမ်မြောက် G-20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ရန် ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ရီယိုဒီဂျနေးရိုးမြို့ရှိ Galeao လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိသည့်အခါ စာလွှာဖြင့် မိန့်ခွန်း ထုတ်ပြန်ကာ ဘရာဇီးအစိုးရနှင့် ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်ပြီး ဆုမွန်ကောင်း တောင်းပေးခဲ့ပါသည်။

   ရှီကျင့်ဖိန်က မိမိသည် ဘရာဇီးနိုင်ငံသို့ ၄ ကြိမ်တိုင်တိုင် ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ် ၃၀ နီးပါးအတွင်း ဘရာဇီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှုများကို မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရကာ နွေးထွေးမှု ပြည့်နှက်သော ဘရာဇီးနိုင်ငံ၏ နယ်မြေသို့ နောက်ထပ် တစ်ကြိမ် ရောက်ရှိလာသည့်အခါ လွန်စွာ ခင်မင်ရင်းနှီးသည်ဟု ခံစားရမိကြောင်း၊ တရုတ်နှင့် ဘရာဇီးတို့သည် ရည်မှန်းချက် ဆန္ဒများ တူညီသော မိတ်ဆွေကောင်းနှင့် လက်တွဲ ချီတက်ကြသော မိတ်ဖက်ကောင်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။