အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေး ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ စာလွှာဖြင့် မိန့်ခွန်းထုတ်ပြန်

(GMT+08:00)2024-11-16 01:42:46  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပီရူးနိုင်ငံ လီမာမြို့တော်၌ ကျင်းပသည့် အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေး ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ခေတ်ရေစီးကြောင်းကို စွဲကိုင်ထားပြီး ကမ္ဘာ့စည်ပင်သာယာရေးကို အတူတကွမြှင့်တင်ခြင်းဟူသော ခေါင်းစဉ်ဖြင့် စာလွှာ မိန့်ခွန်းထုတ်ပြန်ခဲ့ပါသည်။

    သမ္မတ ရှီကျင့်ဖိန် က အာရှ-ပစိဖိတ်နိုင်ငံများသည် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း ( Globalization )တွင် နက်ရှိုင်းစွာ ပါဝင်ပြီး အေးအတူ ပူအမျှဖြစ်သော အကျိုးစီးပွား အသိုက်အဝန်း၊ ကံကြမ္မာတူအသိုက်အဝန်း ဖြစ်လာကြကြောင်း၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း၏ ဦးတည်ချက်ကို မှန်ကန်စွာ လမ်းညွှန်ပြီး အားလုံးပါဝင်နိုင်ကာ အကျိုးခံစားနိုင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို လက်တွဲတွန်းအားပေးရမည် ဖြစ်ကြောင်း၊ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းမှ ပိုမိုရှင်သန်တက်ကြွပြီး အားလုံးပိုမို ပါဝင်နိုင်ကာ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော အဆင့်သစ်သို့ ဝင်ရောက်ရန် တွန်းအားပေး၍ မတူညီသော နိုင်ငံများ၊ မတူညီသော အုပ်စုများ အကျိုး ပိုမိုများပြားစွာ ခံစားစေရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
    သမ္မတ ရှီကျင့်ဖိန် က အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှု ဘက်စုံဇောက်ချပြုလုပ် ရေး၊ တရုတ်အသွင်ပုံစံခေတ်မီရေး တွန်းအားပေးရေးနှင့်ပတ်သက်ပြီး စနစ်တကျစီစဉ်ပေး ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးကို ဘက်စုံဇောက်ချပြုလုပ်ပြီး တစ်ကမ္ဘာလုံးစီးပွားရေးအတွက် တောင့်တင်းသော အင်အားများ ဆက်လက် ထည့်သွင်း ပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး ၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဒေသအခြေအနေအလိုက် ဖွံ့ဖြိုး တိုးတက်စေကာ Belt and Road ကို အရည်အသွေးမြင့်စွာ  အတူတကွ တည် ဆောက် ရန် တွန်းအားပေး၍ ကမ္ဘာ့စီးပွားရေး အရည်အသွေး မြှင့်တင်ရန် ဆက်လက် ဦးဆောင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ဦးလည်မသုန် လျှောက်လှမ်းပြီး တစ်ကမ္ဘာလုံး အစိမ်းရောင်ကူးပြောင်းရေးအတွက် အရေးကြီးသော အင်အားများ ဆက်လက်ထောက်ပံ့ပေးကာ ၊တစ်ကမ္ဘာလုံးမှ ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ရန်အတွက် အရေးကြီးသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်အတန်းပိုမိုမြင့်မားသော တံခါးဖွင့်ရေးပုံစံ စီးပွားရေးစနစ်သစ်ကို ထူထောင်ပြီး တစ်ကမ္ဘာလုံးကို မျက်နှာမူသော စံနှုန်းမြင့် လွတ် လပ်သော ကုန်သွယ်ရေးဇုန် ကွန်ရက်ကို တိုးချဲ့ကာ ကမ္ဘာနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးအခွင့်အလမ်းများကို ဆက်လက်မျှဝေမည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
    သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှ-ပစိဖိတ်ဒေသနှင့် ခွဲခွာ၍ မရဘဲ အာရှ-ပစိဖိတ်ဒေသကို တစ်ဆင့်တက် အကျိုးပြုစွမ်းဆောင်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တံခါးဖွင့်ပြီး အပြန်အလှန်ဆက်သွယ်မှုကို အကောင်အထည် ဖော်လျှင် ပစိဖိတ်သမုဒ္ဒရာသည် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ပွင့်လာမည် ဖြစ်ကြောင်း၊ မိမိတို့သည် စည်းလုံးညီညွှတ်မှုနှင့် ပူပေါင်း ဆောင်ရွက်မှုများကိုမြှင့်တင်ပြီး တစ်ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကိုအတူတကွရင်ဆိုင်ကျော်လွှားကာ ၊ ကမ္ဘာကြီး အတူတကွ စည်ပင် သာယာရေး တွန်းအားပေးရန်၊ လူသားတို့ ပိုမိုသာယာသော အနာဂတ်ကို ဖန်တီးရန် ပိုမိုများပြားသော စုပေါင်းအင်အားများကို စုစည်းလိုကြောင်း အလေးထား ဖော်ပြ ထားပါ သည်။