မှော်ဆန်သည့် ထိုနေရာ (သို့မဟုတ်) အခါခါ သွားလည်ချင်မိသည့် ရှင်းကျန်း

(GMT+08:00)2024-11-15 20:18:39  

               ဆန်ကောဝိုင်းကြီး တစ်ချပ်ပမာ ကြီးမားလှသည့် မုန့်ကြီးကို ကိုင်ထားသည့် ကျွန်မ၏ ဓာတ်ပုံကို ကြည့်ပြီး ရှင်းကျန်းကို သတိရ၍ နေမိသည်။ ရှင်းကျန်းက ကျွန်မကို သတိရစေဖို့ ဆွဲဆောင်ထားနိုင်သည်။ နှင်းမှုန်ဖြူဖြူ ဖွေးဖွေးနှင့် အေးမြသည့်ရာသီဉတု၊ ရိုးသားသည့် တိုင်းရင်းသားများ၊ မတူကွဲပြားသည့် ယဉ်ကျေးမှု ဓလေ့များက ထိုနေရာကို ထပ်ခါထပ်ခါ သတိရစေရန် ဆွဲဆောင်နိုင်သည်။ ကျွန်မရင်ထဲတွင် အမှတ်တရ ရှိနေသည်က ထိုဒေသရှိ တိုင်းရင်းသားများ၏ ရိုးသားဖော်ရွေသည့် အပြုံးမျက်နှာများပင်ဖြစ်သည်။

               ရှင်းကျန်းကို ကျွန်မတို့ သွားခဲ့ရသည်က တစ်ပတ်တာအချိန်ကာလလေးပဲဖြစ်သည်။ သို့သော် ကျွန်မ ရှင်းကျန်းကို ထာဝရ အမှတ်ရနေမိသည်။ ရှင်းကျန်းသည် ဧရိယာ ၁၆၆၀၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးပြည်နယ်ဖြစ်သည်။ ရှင်းကျန်းရှိ ကျယ်ပြောလှသော မြေအနေ အထားသည် ခရီးသွား များအတွက် အံ့သြဖွယ်ရှုခင်းများဖြစ်လာသည့် မြေပုံစံမျိုးစုံကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ရှင်းကျန်းသည် အနောက်နိုင်ငံများနှင့်တရုတ်နိုင်ငံကို ဆက်သွယ်ပေးသည့် ပိုးလမ်းမ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ တောင်များ၊ ရေကန်များ၊ သဲကန္တာရများ၊ ချိုင့်များ၊ သစ်တောများ၊ မြက်ခင်းပြင်များ စသည်တို့ကဲ့သို့သော သဘာဝရှုခင်းများကို စိတ်ဝင်စားသည်ဖြစ်စေ၊ ဘာသာရေး ဘုရားကျောင်းများ၊ ရှေးဟောင်း အပျက်အစီးများ၊ သမိုင်းဝင်မြို့များ၊ ရိုးရာဈေးရောင်းပွဲများစသည်ဖြင့် ယဉ်ကျေးမှုဆိုင်ရာ အံ့ဖွယ်များကို နှစ်သက်သည်ဖြစ်စေ၊ ရှင်းကျန်းသည် မျှော်လင့်ချက်များကို လုံးဝပြည့်စုံစေနိုင်မည့် နေရာ ဖြစ်သည်။

               ရှင်းကျန်းသည် မြောက်ဘက်နှင့် တောင်ပိုင်းကို Tianshan တောင် (ကောင်းကင်ဘုံတောင်) ဖြင့် ပိုင်းခြားထားသည်။ ယေဘူယျအားဖြင့် ရှင်ကျန်းမြောက်ပိုင်းသည် ၎င်း၏ ပကတိသဘာဝကြောင့် ပို၍ ကျော်ကြားပြီး ရှင်ကျန်းတောင်ပိုင်းသည် ဝေဂါလူမျိုးတို့၏ယဉ်ကျေးမှုဖြင့် ကျော်ကြားသည်။ ပထမဆုံး လာရောက်လည်ပတ်သူများသည် ရှင်ကျန်း၏ရွှေတြိဂံမြို့များဖြစ်သော Urumqi (မြောက်ပိုင်း Xinjiang)၊ Turpan (မြောက်ပိုင်း Xinjiang) နှင့် Kashgar (တောင်ပိုင်း Xinjiang) တို့တွင် သဘာဝနှင့် ယဉ်ကျေးမှုကို စူးစမ်းလေ့လာနိုင်မည်ဖြစ်သည်။

               ရှင်းကျန်းတွင် သွားရောက်လည်ပတ်လေ့လာနိုင်သည့် ထိပ်တန်းနေရာ ၁၂ ခုရှိသည်။ ၎င်းတို့မှာ (၁) Kashgar (၂) Turpan (၃) Altay (Kanas) (၄) Urumqi (၅) Hotan (၆) Taklamakan Desert (၇) Ili (၈) Bortala (Sayram Lake) (၉) Changji (၁၀) Karamay (၁၁) Aksu (Kucha) (၁၂) Hami တို့ဖြစ်သည်။

Kashgar ကိုသွားလည်ပါ

            ရှင်းကျန်းတွင် တစ်နေရာတည်းသွားလည်ဖို့ စီစဉ်ထားလျှင် Kashgar ကို သွားလည်ဖို့ အကြံပြု လိုပါ သည်။ Kashgar သည် တရုတ်နိုင်ငံ၏ အနောက်ဘက်စွန်းတွင် တည်ရှိပြီး ၎င်းသည် တစ်ချိန်က ပိုးလမ်းမပေါ်ရှိ ကုန်သည်များ၊ အရာရှိများနှင့် ခရီးသွားများအတွက် အလုပ်များသော နေရာတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုနေရာသည် ယခုအခါ အရှေ့ပိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုများ ပေါင်းစပ်မှု၏ သက်သေတစ်ခု ဖြစ်လာသည်။ ထို့ပြင် လူမျိုးပေါင်းစုံနှင့် မတူညီသော ဘာသာရေးယုံကြည်ချက်များသည် Kashgar တွင် ရှင်သန် နေဆဲ ဖြစ်သည်။ Xinjiang ရှိ မတူညီသော သမိုင်းဝင် နေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ သွားရောက် လည်ပတ်ခြင်းဖြင့် Kashgar ၏ တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးမှုကို အပြည့်အဝ ခံစားရမည်ဖြစ်သည်။ Kashgar တွင် ယဉ်ကျေးမှုဆိုင်ရာ ပျော်ရွှင်မှုများအပြင် Pamirs Plateau တောင်၏ အံ့သြဖွယ်ကောင်းသော ရှုခင်းများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် Kashgar သည် Xinjiang တောင်ပိုင်းရှိ ဘေဂျင်း၊ ရှန်ဟိုင်း၊ ချန်ဒူး၊ နန်ကျင်း၊ Urumqi စသည့်မြို့များသို့ ပြည်တွင်း လေကြောင်းလိုင်း များစွာမှ တစ်ဆင့် သွားလာနိုင်သည့် အချက်အခြာ ကျသည့် နေရာတစ်ခုလည်း ဖြစ်သည်။

            Kashgar မြို့ဟောင်းတွင် ဒေသခံများ၏ နေ့စဉ်ဘဝများကို မြင်တွေ့နိုင်စေမည်ဖြစ်ပြီး Id Kah Mosque ဗလီကျောင်းသည် ရှင်းကျန်းနှင့် တရုတ်နိုင်ငံတွင် အကြီးဆုံးဗလီဖြစ်သည်။ သောကြာနေ့တိုင်း၊ ဝတ်ပြုသူ ၁၀၀၀၀ နီးပါးရှိပြီး ထိုဗလီကျောင်းတွင် လူဦးရေ ၂၀၀၀၀ အထိ ဝတ်ပြုဆုတောင်းနိုင်သည်။ အခြားရက်များတွင် မူဆလင် ၂၀၀၀ ခန့်သည် ဗလီသို့ ဆုတောင်းရန် လာရောက်ကြသည်ဟု သိရသည်။ ထို့ပြင် Kashgar တွင် စိတ်ဝင်စားစရာအကောင်းဆုံး မြင်ကွင်းများကိုကြည့်ရှုနိုင်မည့် စျေးဆိုင်တန်းများလည်း ရှိသည်။ ထိုနေရာသို့ မဖြစ်မနေ သွားရောက်လည်ပတ်ဖို့ အကြံပြုချင်သည်။ ထိုနေရာများသည် Kashgar ကို သွားမည့် သူများအတွက် လက်လွတ်မခံသင့်သော လည်ပတ်စရာနေရာများဖြစ်သည်။

 သမိုင်းဝင် အမွေအနှစ်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုများကိုလေ့လာနိုင်မည့် Hotan
            ကျွန်မတို့ကတော့ ရှင်းကျန်းရှိ Hotan တွင် အချိန်အကြာဆုံး သွားရောက်လည်ပတ်ဖြစ်သည်။ Hotan မြို့သည် တရုတ်နိုင်ငံရှိ အကျော်ကြားဆုံး ကျောက်စိမ်း လေးခုတွင် အရောင်ဖျော့ ကျောက်စိမ်းတစ်မျိုး (Nephrite Jade) ထွက်ရှိရာနေရာဖြစ်သည်။ ထို့ကြောင့် ခရီးသွား အများအပြားသည် Hotan ကို သိရှိ လာကြသည်။ Hotan ၏တောင်ဘက်တွင် တိဗက်၊ အနောက်ဘက်တွင် ကက်ရှ်ဂါတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး Hotan သည် လူမျိုးပေါင်းစုံနေထိုင်ရာ ဒေသဖြစ်သည်။ Han၊ Hui၊ Kzak၊ Kigiz နှင့် အခြားလူမျိုးစုများစွာရှိသောကြောင့် မတူညီသောလူမျိုးစုများ၏ မတူကွဲပြားသောယဉ်ကျေးမှုကို စူးစမ်း လေ့လာနိုင်မည့် အံ့ဖွယ်မြို့တစ်ခုလည်း ဖြစ်သည်။ Hotan ရှိ သမိုင်းဝင် အမွေအနှစ်များသည် သမိုင်းနှင့် ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူများအတွက် လေ့လာလည်ပတ်ချင်စဖွယ် ဆွဲဆောင်နေသည်။

            Hotan မြို့ကိုရောက်သည်နှင့် Hotan ပြတိုက်ကို သွားလည်ဖို့ အကြံပြုချင်သည်။  Hotan မြို့၏ အတိတ်အကြောင်းကို လေ့လာဖို့ ပြတိုက်မှာ ပြကွက်အစုအဝေးပေါင်း ၉၅၅၃ ခုကို စုစည်းပြသထားသည်။ အလားတူ Hotan  တွင် အစားအသောက်မျိုးစုံကို မြည်းစမ်းချင်သည့် ခရီးသွားများအတွက် ဒေသထွက် သရေစာ များစွာကို မြည်းစမ်းကြည့်နိုင်သော Hotan Night Market သည်လည်း ထင်ရှားလှသည်။ သွားရောက်လည်ပတ်ဖို့ လက်မလွှတ်သင့်သော နေရာဖြစ်သည်။ ကျွန်မကတော့ ထိုဈေးတန်းတွင် ကုလားအုတ် ဉပေါင်း၊ ရွှေဖရုံသီးမီးဖုတ်၊ ဆိတ်သားကင်များကို အလွန်သဘောကျသည်။ ထို့ပြင် ထိုဈေးတန်းတွင် ဒေသထွက်  အမှတ်တရ လက်ဆောင် ပစ္စည်းများဝယ်ယူနိုင်သေးသည်။ Hotan ဒေသထွက်ကျောက်စိမ်းက မြန်မာကျောက်စိမ်းနှင့်မတူ အဖြူရောင် လေး ဖြစ်နေပြီး အေးမြငြိမ်းချမ်းမှုကို ဆောင်နေသည်။ ဆိုင်ရှင်က ကျွန်မကိုပြောသည် Hotan ကျောက်စိမ်းကို ဆောင်ထားပါက ကျန်းမာရေးကောင်းစေပြီး ကြီးပွားတိုးတက်စေသည်ဟု ဆိုသည်။ ထို့ပြင် ထိုဆိုင်တွင် မြန်မာကျောက်စိမ်းကိုလည်း ကျွန်မက တွေ့ခဲ့သေးသည်။ ဒါနဲ့ ကျွန်မက မြန်မာကျောက်စိမ်း ဘယ်လို ရောင်းသလဲဟု မေးသည့်အခါ မြန်မာကျောက်စိမ်းက အရည်အသွေးပိုကောင်းသည့်အတွက် ဈေးအနည်းငယ် ပိုမည်ဟု ဆိုသည်။ ကျွန်မကတော့ မြန်မာကျောက်စိမ်းရော Hotan ကျောက်စိမ်းရော နှစ်ခုလုံးကို နှစ်သက် မိသည်။ ကျောက်စိမ်းနှစ်ခုလုံးက ထွက်သည့်ဒေသချင်းမတူညီပေမယ့် ကျောက်အရည် အသွေးကတော့ ထူးခြား လှပမှု ရှိလှသည်။ ကျောက်စိမ်းထွက်ရှိသည့် ဒေသမို့ Hotan က တခြားမြို့များထက် ဖွံ့ဖြိုးတိုးတက်မှုရှိသည်ဟု ကျွန်မမြင်မိသည်။ စီးပွားရေးလည်း ဖွံ့ဖြိုးမှုရှိသည်။

            ကျွန်မတို့ကတော့ ရှင်းကျန်းမှာရှိသည့် ရက်သတ္တပတ်အတွင်း ကိုယ်ပိုင်ကားငယ်လေးဖြင့် ရှင်းကျန်း အနှံ့ နေ့စဉ်ခရီးဆက်သည်။ တစ်ရက်တွင် သဲကန္တာရတစ်ခုကို ကျွန်မတို့သွားလည်ကြသည်။ Hotan-Alar Desert Highway လမ်းမတစ်လျှောက် ရှုခင်းကြီးက ကျွန်မအတွက် မျက်စိမလွှဲနိုင်စရာပင်။ Taklamakan သဲကန္တာရ သည် တရုတ်နိုင်ငံတွင် အကြီးဆုံးသဲကန္တာရဖြစ်ပြီး ၎င်းသည် ရှန်ဟိုင်းမြို့နှင့် အရွယ်အစားတူညီပြီး ရှင်ကျန်း ဧရိယာ စုစုပေါင်း၏ ၂၀% ခန့်ကို လွှမ်းခြုံထားသည်။ ယခင်က သဲကန္တာရဖြစ်ခဲ့သည့် ထိုဒေသသည် ယခုအခါ ပန်းဉယျာဉ်ဖြစ်လာပြီး လှပသော ခရီးသွားဆွဲဆောင်နေရာဖြစ်လာသည်။ Taklamakan သဲကန္တာရကို ဖြတ်ပြီး သွားလာရသည့် ရှင်းကျန်းဒေသခရီးစဉ်သည် ကျွန်မအတွက် အံ့သြဖွယ်ကောင်းသော ခရီးစဉ်ဖြစ်ခဲ့သည်။

တိုင်းရင်းသား လူမျိုးများ၏ စည်းလုံးညီညွတ်မှုကိုတွေ့ရ

            ထို့ပြင် ကျွန်မတို့သည် ဝေဂါလူမျိုးများ၏ အိမ်များသို့လည်း သွားရောက် လေ့လာခွင့် ရရှိခဲ့သည်။ ဝေဂါလူမျိုးများက ဖော်ရွေလှပြီး ရိုးသားဖြူစင်ကြသည်။ သူတို့၏ နေအိမ်များသည် နေချင်စဖွယ်ဖြစ်ပြီး အစိုးရက သူတို့အိမ်များဆောက်လုပ်ရန် ထောက်ပံ့ငွေ ယွမ် တစ်သောင်းကျော်ထုတ် ပေးသည်ဟု ဆိုသည်။ ထို့ပြင် အစိုးရမှ ဒေသခံများစားဝတ်နေရေးအဆင်ပြေစေရန် ဆိတ်မွေးမြူရေး လုပ်ငန်းစုများ၊ ဒေသ အသေးစားစက်မှု လက်မှု လုပ်ငန်းများကို လုပ်ဆောင်ရန် မတည်ရင်းနှီးငွေများ ထုတ်ပေးသည်ဟု ဆိုသည်။ ကျွန်မတို့ကိုယ်တိုင် ထိုလုပ်ငန်းများလုပ်ကိုင်နေသည့် လုပ်ငန်းများသို့ သွားရောက် လေ့လာခွင့် ရခဲ့ကြသည်။

            ထိုသို့လေ့လာစဉ်ကျွန်မက ၆ ပေကျော်ရှည်လျားသည့် လူတစ်ရပ်ကျော်မျှ မြင့်မားသည့် သစ်သား ဂစ်တာကြီးနှင့် ဓာတ်ပုံတွဲရိုက်ခွင့်၊ ဂစ်တာတီးခွင့်၊ တူရိယာတီးခတ်ခွင့်များရခဲ့သလို ဝေဂါလူမျိုးများ၏ အက ကိုလည်း ကိုယ်တိုင် လေ့လာသင်ယူခွင့်ရခဲ့သေးသည်။ လှပသည့် ရှင်းကျန်းလှပျိုဖြူလေးများကို ကျွန်မ အခုထိ မျက်စိထဲ မြင်ယောင်နေမိသေးသည်။ ရှင်းကျန်းအမျိုးသမီးလေးများက တခြားပြည်နယ်များရှိ အမျိုးသမီး လေးများထက် မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ အသားအရောင် လှပထူးခြားမှုရှိလှသည်။ မိန်းမချောလေးတွေ ပေါသည့် ရှင်းကျန်ဟုပင် ကျွန်မက မှတ်ချက်ပြုမိသည်။

            ထို့ပြင် ရှင်းကျန်းတွင် ကျွန်မ ကြိုက်နှစ်သက်မိသည်မှာ “နန်” ဆိုသည့် ရှင်းကျန်းဒေသအစားအစာပင် ဖြစ်သည်။ ထိုအစားအစာသည် ကျွန်မတို့မြန်မာနိုင်ငံမှ မုန့်လေပွေနှင့်တူသည်။ မုန့်လေပွေလို အကြာကြီး အစားခံသည်။ ရှင်းကျန်းရှိ မုန့်လေပွေသည် ဆန်ကောဝိုင်းလောက်ကြီးပြီး အနံ့က မွှေးပြန့်သည်။ လမ်းတိုင်း၊ နေရာတိုင်း “နန်”ကို ဝယ်နိုင်ပြီး ဒေသခံများကို အရည် စွပ်ပြုတ်ဟင်းများတွင် “နန်” ကို ထည့်သွင်းစားသောက် ကြသည်။ ဒေသထွက် အစားအစာမို့ “နန်” ကို လက်ဆောင်ပေးဖို့လည်း ဝယ်ယူကြသူများရှိသည်။

            ရှင်းကျန်းတွင် တစ်ပတ်တာ လေ့လာလည်ပတ်ပြီးနောက် ရှင်းကျန်းဒေသလေးကို ကျွန်မ ချစ်၍ သွားသည်။ ရှင်းကျန်းတွင် အဓိကတိုင်းရင်းသားလူမျိုးများဖြစ်သည့် ဝေဂါလူမျိုးများအပြင် ဟန်လူမျိုးများနှင့် အခြား မတူညီသော လူမျိုးစုများလည်း များစွာရှိသည်မှာ ထူးခြားမှုရှိလှသည်။ လူမျိုးစုများအကြား နားလည်မှု၊ လေးစားမှု၊ အတူတကွ ပူးပေါင်းနေထိုင်မှုတို့မှာ အံ့ဩဖွယ်ရာပင်ဖြစ်သည်။ ရှင်းကျန်းရှိတိုင်းရင်းသား လူမျိုးစုံတို့သည် မတူညီသည့် ယဉ်ကျေးမှုများနှင့်အတူ အေးချမ်းစွာ အတူတကွနေထိုင်ကြပြီး လူမှုရေး သဟဇာတ ကောင်းမွန်မျှတအောင် လုပ်ဆောင်မှုများ ရှိသည်ဟု ဆိုရမည်ဖြစ်သည်။


            ရှင်းကျန်းဒေသတွင် ကျွန်မ နောက်ထပ် သဘောကျမိသည့်အရာတစ်ခုမှာ   ဘာသာရေး လွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှုကွဲပြားမှုအပေါ် ထိန်းသိမ်းနေထိုင်ကြခြင်းပင်ဖြစ်သည်။ ရှင်းကျန်းတွင် ဗလီများ၊ ဗုဒ္ဓဘုရားကျောင်း များနှင့် အခြားသော ဘာသာရေးဆိုင်ရာကျောင်းများကို လွတ်လပ်စွာ ထိန်းသိမ်းထားနိုင်ပြီး လွတ်လပ်စွာ ဆောက်လုပ်ခြင်းနှင့် ဘာသာရေးပွဲများ လွတ်လပ်စွာ ကျင်းပနိုင်သည့် အခွင့်အရေးများကို ရရှိထားသည်။ ရှင်းကျန်းဒေသတွင်ရှိသော တိုင်းရင်းသားများသည် သူတို့၏ ယဉ်ကျေးမှုနှင့် အမွေအနှစ်ကို တန်ဖိုးထားကာ ရိုးရာယဉ်ကျေးမှုများကို ဆက်လက် ထိန်းသိမ်းမှု ရှိကြသည်။

            အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတွင်လည်း ရှင်းကျန်းသည် စီးပွားရေး စနစ်မျိုးစုံ အကောင်အထည်ဖော်လျက်ရှိပြီး လူမှုရေးဖွံ့ဖြိုးမှုများ အားကောင်းသည့်အတွက်  လုပ်ငန်းခွင်အခွင့်အလမ်းများ နှင့်အတူ ဒေသခံတို့၏ လူနေမှု အဆင့်အတန်းများလည်း တိုးတက်လျက်ရှိသည်။  အလုပ်အကိုင်အခွင့်အလမ်း များနှင့် စီးပွားရေး တိုးတက်မှုများသည် ဒေသခံတိုင်းရင်းသားများအတွက် ကောင်းမွန်သော အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများကို ရရှိစေသည်။

            အနှစ်ချုပ်ဆိုရလျှင် ရှင်းကျန်းဒေသတွင် မတူကွဲပြားသည့် သဘာဝအလှတရားများကို ခံစားကြည့်ရှုနိုင်ရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလျက်ရှိပြီး  သဘာဝအလှတရားများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုများကို လေ့လာ နိုင်သည့် သာယာအေးချမ်းတည်ငြိမ်သည့် နေရာဒေသများပြားစွာ ရှိနေသည်။ ရှင်းကျန်းတွင်ရှိသော တည်ငြိမ်မှု နှင့် အေးချမ်းမှုသည် များပြားသော လူမျိုးစုများ၏ သဟဇာတဖြစ်မှုနှင့် စည်းလုံးမှုအတွက် အခြေခံ ဖွဲ့စည်းမှု များကို ပြသနိုင်သည်။ ရှင်းကျန်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများသည် အံ့ဩမှုဖြစ်စေပြီး ရှင်းကျန်းကို နောက်တစ်ကြိမ် ပြန်လာရန် စိတ်ကူးဖြစ်စေခဲ့သည်။ မှော်ဆန်သည့် ထိုနေရာသည် ကျွန်မကို ယခုထိတိုင် ကြိမ်ဖန် များစွာ ဆွဲဆောင်လျက်ရှိသည်။ ကျွန်မ ရှင်းကျန်းကို လွမ်း၍နေပေသည်။
စုသက်မှူး(မရမ်းကုန်း)