အာရှနှင့် ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုသည် အဓိက ရေစီးကြောင်း ဖြစ်သည်

(GMT+08:00)2024-11-14 11:43:11  

     အေပက်အဖွဲ့ ၃၁ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို မကြာမီ ပီရူးနိုင်ငံတွင် ကျင်းပမည် ဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။ အာရှနှင့် ပစိဖိတ်ဒေသမှ စီးပွားရေးအုပ်စု ၂၁ ခုမှ နိုင်ငံရေးနှင့် စီးပွားကုန်သွယ်ရေး ပုဂ္ဂိုလ်များသည် တံခါးဖွင့်မှု အားဖြည့်ရေး၊ လွတ်လပ်ပြီး အားလုံးပါဝင်သော ကုန်သွယ်ရေး၊ စီးပွားရေး ဆက်တိုက် ဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာ စွမ်းအင် အသွင်ကူးပြောင်းရေး စသဖြင့် ဆွေးနွေးကြမည် ဖြစ်ပါသည်။

   အာရှနှင့် ပစိဖိတ်ဒေသ လူဦးရေသည် ကမ္ဘာ့စုစုပေါင်း လူဦးရေ၏ သုံးပုံတစ်ပုံ ရှိပြီး စီးပွားရေး စုစုပေါင်းပမာဏသည် နိုင်ငံတကာ စီးပွားရေး စုစုပေါင်း ပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိကာ ကုန်သွယ်မှု ပမာဏသည် နိုင်ငံတကာ ကုန်သွယ်မှု စုစုပေါင်း ပမာဏ၏ ၅၀ ရာခိုင်နှုန်းနီးပါး ရှိ၍ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးသည့် အင်ဂျင် တစ်ခု ဖြစ်ပါသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ခန့်မှန်းချက်အရ ယခုနှစ်တွင် အေပက်အဖွဲ့၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၄.၂ ရာခိုင်နှုန်း ရှိနိုင်မည် ဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး တိုးတက်နှုန်း ၂.၉ ရာခိုင်နှုန်းထက် များစွာ ပိုမြင့်မည် ဖြစ်သည်။

   အာရှနှင့် ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုသည် အဘယ်ကြောင့် ကမ္ဘာ့ရှေ့ပြေး နေရာတွင် ရှိနိုင်သနည်း။ အေပက်အဖွဲ့ တည်ထောင်ခဲ့သည့် ၃၅ နှစ်အတွင်း တံခါးဖွင့်ရေး၊ အားလုံးပါဝင်ရေး၊ အတူ ဖွံ့ဖြိုးတိုးတက်ရေး၊ ကွဲပြားမှုများကို ဖယ်ရှားပြီး သဘောတူညီမှုများကို ရှာကြံရေး ဟူသော မူရင်းစိတ်ကို အစဉ်တစိုက် စွဲကိုင်ထားပြီး ကုန်သွယ်မှု လွတ်လပ်ရေးနှင့် အဆင်ပြေစေရေး၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တွန်းအားပေး၍ ဒေသတွင်း စီးပွားရေး တစ်ပြေးညီ ဖြစ်မှု အဆင့်အတန်းကို ဆက်တိုက် မြှင့်တင်ပေးခဲ့ပါသည်။

   အာရှ ပစိဖိတ်ဒေသမှာ အရေးကြီးသည့် စီးပွားရေး အုပ်စု အဖြစ်ဖြင့် တရုတ်နိုင်ငံသည် အေပက်အဖွဲ့ ပူးပေါင်းဆောင်ရွက်မှုတွင် အစဉ်တစိုက် တက်ကြွစွာ ပါဝင်နေခဲ့ပြီး အာရှဒေသ ပူးပေါင်းဆောင်ရွက်မှု၏ တွန်းအား တစ်ရပ်ပင် ဖြစ်ပါသည်။ မျက်မှောက်အချိန်တွင် တရုတ်နိုင်ငံသည် အေပက် စီးပွားရေးအုပ်စု ၁၃ ခု၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပြီး အာရှ ပစိဖိတ် စီးပွားရေး တိုးတက်မှု အတွက် အကျိုးပြုစွမ်းဆောင်မှုနှုန်းသည် ၆၄.၂ ရာခိုင်နှုန်း ရှိပါသည်။

  တံခါးဖွင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို စွဲကိုင်ထားခြင်းသည် အာရှနှင့် ပစိဖိတ် နိုင်ငံများ၏ အောင်မြင်မှု သော့ချက်ကျရာ ဖြစ်သလို အနာဂတ် အာရှ ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံမူလည်း ဖြစ်ပါမည် ဖြစ်သည်။ အာရှနှင့် ပစိဖိတ် စီးပွားရေး အုပ်စုများသည် လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကို ထောက်ခံပြီး စီးပွားရေး ကိုယ်ကျိုးစီးပွားကာကွယ်မှုကို ဆန့်ကျင်ကာ တံခါးဖွင့်ပြီး ရှင်သန်မှု ပြည့်ဝသော၊ ခိုင်ခံ့ပြီး ငြိမ်းချမ်းသော အာရှ ပစိဖိတ် အသိုက်အဝန်းကို လက်တွဲ တည်ဆောက်သွားမည် ဖြစ်၍ အာရှနှင့် ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး "နှစ် ၃၀ တာ ရွှေကာလ"သစ်ကို လက်တွဲ ဖန်တီးကြမည် ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။