CGTN စစ်တမ်း - တရုတ်နိုင်ငံက အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ခွန်အားများ ပိုမိုဖြည့်တင်းပေးရန် ကမ္ဘာတစ်ဝန်းမှ စစ်တမ်းဖြေဆိုသူများက မျှော်လင့်နေ

(GMT+08:00)2024-11-13 17:14:59  

ယခုနှစ်ဟာ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ဖွဲ့စည်းခြင်း ၃၅ နှစ်ပြည့်ဖြစ်ပါတယ်။ CGTN က ကမ္ဘာတစ်ဝန်းမှ အင်တာနက်အသုံးပြုသူများကို ကောက်ယူထားတဲ့ စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ ၈၆.၄% က ဒေသတွင်းစီးပွားရေးတိုးတက်မှု မြှင့်တင်ရေးနဲ့ ဒေသတွင်း နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ အဆိုပါအဖွဲ့က သိသာထင်ရှားတဲ့ရလဒ်များ ရရှိခဲ့ကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လွတ်လပ်မှုနဲ့အဆင်ပြေမှုများကို အားကောင်းစွာ မြှင့်တင်ပေးနေကြောင်း၊ အာရှ-ပစိဖိတ်ဒေသအား ကမ္ဘာတစ်ဝန်းမှာ အတက်ကြွဆုံး၊ တိုးတက်မှုအလားအလာအရှိဆုံး ပထဝီစီးပွားရေးကဏ္ဍ ဖြစ်လာစေကြောင်း ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံအသီးသီးက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ် နဲ့ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း ဖော်ဆောင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်သင့်ပြီး တံခါးဖွင့်ပုံစံ စီးပွားရေးနဲ့ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အတူလက်တွဲ တည်ဆောက်သင့်တယ်လို့ စစ်တမ်းမှာ ဖြေဆိုသူ ၈၅.၂% က ယူဆပါတယ်။ နိုင်ငံအသီးသီးက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒပုံစံအမျိုးမျိုးကို ဆန့်ကျင်ပြီး တံခါးဖွင့်လှစ် ဖွံ့ဖြိုးတိုးတက်မှုကို လက်ကိုင်စွဲထားကာ တံခါးဖွင့်မှုနဲ့အားလုံးပါဝင်မှုစိတ်ဓာတ်ကို အခြေခံပြီး အာရှ-ပစိဖိတ် လွတ်လပ်စွာကုန်သွယ်ရေးဇုန် တည်ဆောက်မှုကို တွန်းအားပေးလုပ်ဆောင် သင့်တယ်လို့ ဖြေဆိုသူ ၈၉.၅% က ယူဆပါတယ်။

ယခုအကြိမ် လီမာမြို့မှာကျင်းပတဲ့ အစည်းအဝေးရဲ့ဆောင်ပုဒ်က “Empower, Include, Grow” ဖြစ်ပြီး ဘက်အသီးသီးက အာရှ-ပစိဖိတ်အတူလက်တွဲပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်နေကြပါတယ်။ သဘောတူညီမှုများကို စုစည်းပြီး တံခါးဖွင့်မှုနဲ့အားလုံးပါဝင်မှု၊ ဆန်းသစ်တီထွင်မှုရှိစွာ တိုးတက်မှု၊ အပြန်အလှန်ချိတ်ဆက်မှု၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှု ရှိတဲ့ အာရှ-ပစိဖိတ်အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရန် စစ်တမ်း ဖြေဆိုသူ ၉၃.၇% က တိုက်တွန်းထားပါတယ်။ ဖွံ့ဖြိုးပြီးစီးပွားရေးနိုင်ငံတွေက “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများအတွက် ပံ့ပိုးကူညီမှုများ ပိုမိုပေးအပ်ပြီး အာရှ-ပစိဖိတ် အတူတကွဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပေးရန် ဖြေဆိုသူ ၈၈.၅% က တိုက်တွန်းထားပါတယ်။ သိပ္ပံနည်းပညာတော်လှန်ရေးနဲ့ စက်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းသစ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများက ဖွံ့ဖြိုးတိုးတက်မှု စိတ်ကူးစိတ်သန်းများကို ဆန်းသစ်တီထွင်ပြီး စိမ်းလန်းစွာဖွံ့ဖြိုးတိုးတက်ရေးကို လက်ကိုင်ထားကာ ဆန်းသစ်တီထွင်မှုဖြင့် တိုးတက်မှုခွန်အားများကို ဖော်ထုတ်သင့်တယ်လို့ စစ်တမ်းဖြေဆိုသူ ၉၀.၁% က ယူဆကြပါတယ်။

APEC ဟာ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုတွေ လုပ်ဆောင်ပြီးနောက်မှာ ဝင်ရောက်ခဲ့တဲ့ ပထမဆုံး ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း ဖြစ်ပါတယ်။ စစ်တမ်းဖြေဆိုသူ ၉၅.၁% က APEC စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်နိုင်ငံက “တွန်းအားပေးတဲ့” အခန်းကဏ္ဍကနေ ဆက်တိုက်ပါဝင်နေခြင်းကို များစွာအသိအမှတ်ပြုကြပြီး တရုတ်နိုင်ငံက တံခါးဖွင့်လှစ်မှုကို တစိုက်မတ်မတ်တိုးချဲ့ခြင်း၊ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ လုပ်ငန်းအသီးသီးမှာ တက်တက်ကြွကြွ ပါဝင်ခြင်း၊ အာရှ-ပစိဖိတ်ဒေသ သာယာဝပြောတည်ငြိမ်ရေးအတွက် အရေးပါစွာ အကျိုးပြုခြင်း တို့အပေါ် ချီးကျူးခဲ့ကြပါတယ်။

ဒီစစ်တမ်းကို CGTN ရဲ့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ် နဲ့ ရုရှား ဘာသာစကားပလက်ဖောင်းတွေမှာ ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူ ၆၀၇၁ ဦး ပါဝင်မဲပေးခဲ့ပြီး သဘောထားအမြင်များ ဖော်ပြခဲ့ပါတယ်။