၂၀၂၄ “အာဆီယံ မိတ်ဖက်” မီဒီယာ ပူးပေါင်းဆောင်ရွက်မှု သီတင်းပတ် လှုပ်ရှားမှုကို ကွမ်ရှီးတွင် ဖွင့်လှစ်

(GMT+08:00)2024-11-08 17:56:43  

China Media Group (CMG) နှင့် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသပြည်သူ့အစိုးရတို့ ပူးပေါင်းကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်ကို နိုဝင်ဘာလ ၈ ရက်နေ့က ကွမ်ရှီးဒေသ ကွေ့လင်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။

       အခမ်းအနား၌ ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး Sudawan Wangsupakitkosol က ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။ CMG ဒုတိယအယ်ဒီတာချုပ် Fan Yun ၊ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် ပြန်ကြားရေးဌာန ဌာနမှူးChen Yijun ၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံတော်ရေးရာ အတွင်းဝန် Kem Gunawadh ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ကွေ့လင်မြို့ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် မြို့တော်ဝန် Li Chu တို့ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အစိုးရအရာရှိများ၊ မီဒီယာပုဂ္ဂိုလ်များ၊ ပညာရှင်များ စသည့် ပုဂ္ဂိုလ် ၂၀၀ ကျော်က “အရည်အသွေးသစ်၊ အတူယှဉ်တွဲနေထိုင်မှု၊ လူမှုယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြပြီး မီဒီယာအင်အားဖြင့် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ကြရန် တွန်းအားပေးကြသည်။

CMG ဒုတိယအယ်ဒီတာချုပ် Fan Yun က လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အနာဂတ်ကိုဦးတည်ရန်၊ ဦးတည်ချက်တူညီစွာ လျှောက်လှမ်းရန် အတွက် နက်ရှိုင်းသောအခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်-အာဆီယံ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ်နှင့် တိုက်ဆိုင်နေကြောင်း၊ CMG သည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ် ကျင်းပခြင်းမှတစ်ဆင့် အာဆီယံနယ်ပယ်အသီးသီးမှမိတ်ဆွေများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ ဆန်းသစ်တီထွင်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူကြိုးပမ်းနေကြောင်း၊ CMG သည် အပြန်အလှန်ချိတ်ဆက်မှုများကို တိုးမြှင့်၍ ဘာသာစကားအမျိုးပေါင်း ၈၀ ဖြင့် ဖြန့်ဝေမှုအားသာချက်များကို ဖော်ထုတ်ကာ တရုတ်-အာဆီယံ ချစ်ကြည်ရင်းနှီးမှုအကြောင်းအရာများကို တင်ဆက်ဖော်ပြရန်၊ စိန်ခေါ်မှုများကို အတူလက်တွဲရင်ဆိုင်၍ CMG ၏ “5G+4K/8K+AI” သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုရလဒ်များကို အတူမျှဝေပြီး မီဒီယာလုပ်ငန်း အရည်အသွေးနှင့် အဆင့်မြင့်မားလာစေရေး တွန်းအားပေးရန်၊ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေ၍ မီဒီယာအကြား ကူးလူးဖလှယ်ဆွေးနွေးမှု ပလက်ဖောင်းများ ပိုမိုတည်ဆောက်ပြီး လူမှုယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှုများ ဆောင်ရွက်ရန်၊ လူသားယဉ်ကျေးမှုပန်းပေါင်းစုံဥယျာဉ်ကြီး၏ အရောင်အသွေးစုံလင်မှုနှင့် ထည်ဝါလှပမှုများကို သက်ဝင်လှုပ်ရှားစွာ ပြသရန် ဆန္ဒရှိကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

China Media Group ဒုတိယအယ်ဒီတာချုပ် Fan Yun


ကွမ်ရှီးဒေသ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် ပြန်ကြားရေးဌာန ဌာနမှူး Chen Yijun က တရုတ်-အာဆီယံ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူချင်းစိတ်ချင်းဆက်နွှယ်မှုကို မြှင့်တင်ပေးသည့် ပေါင်းကူးတံတားအနေဖြင့် မီဒီယာသည် အရေးပါ၍ တမူထူးခြားသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ကွမ်ရှီးဒေသသည် “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်အား ပူးတွဲကြီးမှူးကျင်းပခြင်းကို အခွင့်အလမ်းအဖြစ် သတ်မှတ်၍ “တရုတ်နိုင်ငံ၏ အခွင့်အလမ်းများကို အတူမျှဝေခြင်း၊ လူမှုယဉ်ကျေးမှု သာယာဝပြောမှုကို မြှင့်တင်ခြင်း” ဟူသည့် ကောင်းမွန်သောအသံများကို ဖော်ထုတ်မည်ဖြစ်ကြောင်း၊ ကွမ်းရှီးဒေသသည် အာဆီယံနိုင်ငံများမှမီဒီယာများနှင့် အတူကြိုးပမ်းဆောင်ရွက်ရန်၊ တူညီသောအတွေးအမြင်များထားရှိရန်၊ တူညီသောဦးတည်ချက်ဆီသို့ လက်တွဲလျှောက်လှမ်းရန် မျှော်လင့်နေပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သည့် မိတ်ဖက်ကောင်းဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်၍ ခေတ်မီတည်ဆောက်ရေးလုပ်ငန်းများကို တရုတ်-အာဆီယံ အတူလက်တွဲဆောင်ရွက်သည့် ခေတ်ကာလ၏ဇာတ်လမ်းများအကြောင်း ကောင်းမွန်စွာပြောပြမည်ဖြစ်ကြောင်း၊ လူမှုယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူသည့် မိတ်ဖက်ကောင်းဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်၍ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ပေါင်းစည်းမှုနှင့် တန်ဖိုးများအား တူညီသောအမြင်ထားရှိမှု တို့ကို မြှင့်တင်မည် ဖြစ်ကြောင်း၊ ပြည်သူချင်းစိတ်ချင်းဆက်နွှယ်မှုကို မြှင့်တင်ပေးသည့် မိတ်ဖက်ကောင်း ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်၍ တရုတ်-အာဆီယံ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းနိုင်စေရန် တွန်းအားပေးမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကွမ်ရှီးဒေသ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် ပြန်ကြားရေးဌာန ဌာနမှူး Chen Yijun


ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံတော်ရေးရာ အတွင်းဝန် Kem Gunawadh က လတ်တလောနှစ်များတွင် ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံမီဒီယာများအကြား ကူးလူးဖလှယ်မှုများ များပြားခဲ့ပြီး ရလဒ်များ သိသာထင်ရှားခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ရုပ်မြင်သံကြားဌာနနှင့် CMG ပူးပေါင်းဆောင်ရွက်သော ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးရေဒီယိုတွင် ခမာဘာသာ၊ တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် နေ့စဉ် ၁၈ နာရီ ထုတ်လွှင့်ပေးနေပြီး နိုင်ငံဖြတ်ကျော်မီဒီယာ ပူးပေါင်းဆောင်ရွက်မှုပုံစံကို စုံလင်ကြွယ်ဝလာစေကာ ကမ္ဘောဒီးယား-တရုတ် အစဉ်အလာချစ်ကြည်ရေးအတွက် ခွန်အားသစ်များ ဖြည့်တင်းပေးနေကြောင်း၊ အာဆီယံနှင့် တရုတ်ဆက်ဆံရေးသည် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နေသည့် အဆင့်သစ်သို့ ရောက်ရှိနေကြောင်း၊ ယခုအကြိမ် “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်အစီအစဉ်မှတစ်ဆင့် အာဆီယံ-တရုတ် မီဒီယာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသောအဆင့်သို့ ရောက်အောင် တွန်းပို့ပေးနိုင်ပြီး မီဒီယာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ်ကိ တက်တက်ကြွကြွ ဦးဆောင်ကာ အာဆီယံ-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပိုမိုကြီးမားသောအခန်းကဏ္ဍကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံတော်ရေးရာ အတွင်းဝန် Kem Gunawadh


မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က မီဒီယာသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များ၌ ကြီးမားသော အကျိုးသက်ရောက်မှုရှိကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုများ တက်တက်ကြွကြွ လုပ်ဆောင်သည်သာမက တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးများ ထားရှိကြောင်း၊ သိပ္ပံနည်းပညာ များစွာ တိုးတက်လာသည်နှင့်အမျှ New media အားကောင်းစွာ ထွန်းကားလာကြောင်း၊ ဗဟုသုတများမျှဝေခြင်း၊ အဆင့်မြင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်ပုံစံများဖြင့် နိုင်ငံအသီးသီးအကြား မီဒီယာဆိုင်ရာကွာဟချက်များကို လျှော့ချရန် အထောက်အကူဖြစ်စေကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်တွင် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း သည် တစ်ကိုယ်တည်းဆောင်ရွက်ခြင်းထက် သာလွန်ကြောင်း၊ ယခုနှစ် “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ် ၏ ဆောင်ပုဒ်မှာ “အရည်အသွေးသစ်၊ အတူယှဉ်တွဲနေထိုင်မှု၊ လူမှုယဉ်ကျေးမှု” ဖြစ်ပြီး အာဆီယံနိုင်ငံအသီးသီးမှ မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန်၊ သဟဇာတရှိ၍ အတူယှဉ်တွဲနေထိုင်သောအနာဂတ်ကို ဖန်တီးရန် အထောက်အကူပြုနေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်


       ကွေ့လင်မြို့ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် မြို့တော်ဝန် Li Chu က ကွေ့လင်မြို့သည် အာဆီယံနိုင်ငံအသီးသီးမှမီဒီယာများနှင့် CMG အပါအဝင် ပြည်တွင်းမီဒီယာများ နှင့်အတူ နိုင်ငံတကာယဉ်ကျေးမှုကူးလူးဖလှယ်ရေးအတွက် အရေးပါသောစင်မြင့် ဟူသော ကွေ့လင်မြို့၏အားသာချက်ကို အပြည့်အဝဖော်ထုတ်၍ ခေတ်သစ် တရုတ်နိုင်ငံအကြောင်း၊ ကွမ်ရှီးဒေသအကြောင်း၊ ကွေ့လင်မြို့အကြောင်း ကောင်းမွန်စွာမိတ်ဆက်ဖော်ပြ၍ တရုတ်အသွင်ပုံစံခေတ်မီမှု၏ ခမ်းနားလှပသောအပြောင်းအလဲများကို ပြသရန် ဆန္ဒရှိကြောင်း၊ “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်ဟူသည့် နိုင်ငံတကာပလက်ဖောင်းကို အမှီပြု၍ အာဆီယံနိုင်ငံအသီးသီးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ပြီး ကွေ့လင်မြို့၏ တမူထူးခြားသောဆွဲဆောင်မှုများ၊ နက်ရှိုင်းသော ယဉ်ကျေးမှုအနှစ်သာရများ နှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကွေ့လင်မြို့ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် မြို့တော်ဝန် Li Chu


ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး Sudawan Wangsupakitkosol က လတ်တလောနှစ်များအတွင်း ထိုင်း-တရုတ် နှစ်နိုင်ငံသည် ယဉ်ကျေးမှုကဏ္ဍ အပါအဝင် ကဏ္ဍအသီးသီးတွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ဂီတ၊ ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင် စသည့်အစီအစဉ်များကို ထိုင်းပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် နှစ်သက်ကြပြီး ထိုသို့ရေပန်းစားမှုများ အဆက်မပြတ် မြင့်တက်နေကြောင်း၊ ထိုင်းနိုင်ငံအစိုးရသည် မီဒီယာ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ပညာရေးနှင့် လူငယ် ဆိုင်ရာကူးလူးဖလှယ်မှုများကို အားပေးသည့် မူဝါဒများကို ပြဌာန်းထားပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်၍ နှစ်ဦးနှစ်ဖက်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်၌ မီဒီယာအရည်အသွေးနှင့် စွမ်းရည်များကို မြှင့်တင်ပြီး လက်ရှိနည်းပညာ တိုးတက်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေစွာဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဗီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး Sudawan Wangsupakitkosol


       ဖွင့်ပွဲအခမ်းအနား၌ “‘အာဆီယံမိတ်ဖက်များ’ တရုတ်နိုင်ငံကို အတူလေ့လာခြင်း” ကွမ်ရှီးခရီးစဉ် ပူးတွဲသတင်းယူမှုအဖွဲ့ စတင်ထွက်ခွာခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။ အာဆီယံ ၇ နိုင်ငံမှ ပင်မမီဒီယာသတင်းထောက်များသည် CMG နှင့် ကွမ်ရှီးမှ သတင်းမီဒီယာများနှင့်အတူ နက်နက်ရှိုင်းရှိုင်း သတင်းယူမှုများလုပ်ဆောင်၍ ကွမ်ရှီးဒေသ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး သက်ဝင်လှုပ်ရှားဖွယ် လက်တွေ့လုပ်ဆောင်မှုများကို သတင်းဖော်ပြပြီး တရုတ်အသွင်ပုံစံခေတ်မီမှုဆိုင်ရာ စိတ်ဝင်စားဖွယ်ဇာတ်လမ်းများကို ကမ္ဘာကြီးထံ မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

CMG နှင့် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များကို အခမ်းအနား၌ ထုတ်ပြန်ခဲ့သည်။ ကွေ့လင်မြို့၏ ကမ္ဘာ့အဆင့်မီခရီးသွားမြို့တော် တည်ဆောက်ရေးကို အခြေခံ၍ CMG သည် ကွမ်ရှီးဒေသနှင့်အတူ ကုန်အမှတ်တံဆိပ်မိတ်ဆက်ဖြန့်ဝေမှုအစီအစဉ်ကို စတင်ပြီး ကွေ့လင်မြို့၏ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်း ပေါင်းစပ်မှုအကြောင်းကို အတူတကွတင်ဆက်ပြောပြကာ ကမ္ဘာကြီးအား ကွေ့လင်မြို့အကြောင်း ပိုမိုသိရှိလာစေရန်၊ ကွမ်ရှီးဒေသကို အာရုံစိုက်လာစေရန်၊ တရုတ်နိုင်ငံကို နှစ်သက်မြတ်နိုးလာစေရန် ဆောင်ရွက်မည်ဖြစ်သည်။

အခမ်းအနားတွင် CMG ၏ မှတ်တမ်းရုပ်ရှင် “ဖိန်လုတူးမြောင်း” စတင်ရိုက်ကူးခြင်းအစီအစဉ် ကျင်းပခဲ့ပြီး ရာစုနှစ်စီမံကိန်းဖြစ်သော ဖိန်လုတူးမြောင်း တူးဖော်မှုလုပ်ငန်းစဉ်နှင့် အရေးပါမှုကို မြင်ကွင်းပြည့် တင်ဆက်ပြသမည်ဖြစ်သည်။ မှတ်တမ်းရုပ်ရှင် “ချိုမြိန်လှပသော ကွမ်ရှီး” ကိုလည်း မကြာမီစတင်ထုတ်လွှင့်ပြသတော့မည် ဖြစ်ပြီး သက်ဝင်လှုပ်ရှားဖွယ်ဇာတ်လမ်းဖြင့် သာယာကောင်းမွန်သောဘဝကြီးကို အကန့်အသတ်မဲ့ချစ်မြတ်နိုးကြသည့် ကွမ်ရှီးပြည်သူများအကြောင်းကို တင်ဆက်ပြသမည် ဖြစ်သည်။

      တရုတ်-အာဆီယံမီဒီယာပေါင်းစု “Ethernal Sound ASEAN Audio Vivid” တွေ့ကြုံခံစားမှုနေရာကိုလည်း ထိုနေ့တွင်ပင် စတင်အသုံးပြုခဲ့သည်။ CMG က ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုနည်းပညာကို အသုံးချ၍ အသံကို ကြားခံအဖြစ် အသုံးပြု၍ တရုတ်-အာဆီယံ လူမှုယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူရေး ပလက်ဖောင်းသစ်ကို တည်ဆောက်ထားခြင်းဖြစ်သည်။

       အဓိကမိန့်ခွန့်ပြောကြားသည့်ကဏ္ဍတွင် တရုတ်နိုင်ငံ ရုပ်သံအနုပညာရှင်များအသင်း ဒုတိယဥက္ကဌ၊ ပေကျင်းဆရာအတတ်သင်တက္ကသိုလ် အနုပညာနှင့်မီဒီယာကောလိပ်ကျောင်းမှ ပါမောက္ခ Hu Zhifeng ၊ Lao News Agency ဒုတိယဥက္ကဌ Sivanxay Siphankham၊ ထိုင်းနိုင်ငံ Channel 5 ဒုတိယဥက္ကဌ Thawinan Kongkran၊ မြန်မာနိုင်ငံ YTV ရုပ်သံလိုင်း ဥက္ကဌ ဦးသီဟအောင်၊ ကွမ်ရှီးနေ့စဉ်သတင်းစာဌာန ဥက္ကဌ နှင့် ကွမ်ရှီးအပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးစင်တာ ဒါရိုက်တာ Xu Bo တို့က New media နည်းပညာအသုံးပြုမှု၊ မီဒီယာအကြောင်းအရာများ ပူးပေါင်းထုတ်လုပ်မှု စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ မျှဝေခဲ့ကြသည်။


CMG ၏ ဆက်စပ်ဌာနများနှင့် ကွမ်ရှီးဌာနချုပ်မှ တာဝန်ခံလုပ်ဖော်ကိုင်ဖက်များ၊ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ကွေ့လင်မြို့ သက်ဆိုင်ရာဌာနမှ တာဝန်ခံလုပ်ဖော်ကိုင်ဖက်များ၊ နန်နင်းမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ ကောင်စစ်အရာရှိများ စသဖြင့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။