တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ယခုလ ၆ရက်နေ့ ညနေပိုင်းက ကူမင်းမြို့တွင် ကျင်းပသည့် မဟာ မဲခေါင်မြစ် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဋ္ဌမ အကြိမ် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ် နိုင်ငံသို့ လာရောက်သော မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် လီချန်က ၂၀၂၀ပြည့်နှစ်က သမ္မတ ရှီကျင့်ဖိန်သည် မြန်မာ နိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်ကို လှည့်လည်ခဲ့ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံမှုသည် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ခေတ်ကာလသစ်သို့ ဝင်ရောက် ခဲ့ ကြောင်း၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံနှင့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရေးကို တရုတ် နိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံခြားရေး လုပ်ငန်းတွင် အရေးကြီးသည့် အဆင့်နေရာ၌ အမြဲတမ်း ထားရှိပြီး မြန်မာ နိုင်ငံနှင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို ခိုင်မာတိုးပွားစေကာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ၍ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင် ဖြေ ရှင်းပြီး နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို နက်ရှိုင်းစွာ လက် တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန် တွန်းအားပေးလိုကြောင်း၊ မြန်မာဘက်က မြန်မာ နိုင်ငံ တွင် တရုတ် လုပ်ငန်းကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံ ရေးကို ထိရောက်စွာ ကာကွယ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူဝါဒကို စောင့်စည်း စွဲကိုင် ကျင့်သုံးကြောင်း၊ လာမည့်နှစ် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ်ကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမို ကြီးမားသည့် တိုးတက်မှု ရရှိရန် မျှော်လင့် ကြောင်း၊ မြန်မာဘက်က မြန်မာ နိုင်ငံတွင် တရုတ် လုပ်ငန်းကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံပေးရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။