သတ္တမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ယခုလ ၅ရက်နေ့က ရှန်ဟိုင်းတွင် ဖွင့်လှစ်ပြီး ၁၁ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၅၂ခုမှ ထိပ်သီးခေါင်းဆောင်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရှင် လောကမှ ကိုယ်စားလှယ် ၁၅၀၀ခန့်သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ယခု အကြိမ် ကုန်စည်ပြပွဲသို့ နိုင်ငံနှင့် ဒေသ ၁၂၉ခုမှ လုပ်ငန်း ကုမ္ပဏီပေါင်း ၃၄၉၆ ခု ပါဝင်ပြသပြီး နိုင်ငံနှင့် ကုမ္ပဏီ၏ အရေအတွက်သည် လွန်ခဲ့သည့် အကြိမ် ကုန်စည်ပြပွဲထက် ပိုများသည်။ Fortune 500 ကုမ္ပဏီများနှင့် စက်မှုလုပ်ငန်း ထိပ်တန်းကုမ္ပဏီများ အနက် ၂၉၇ခုသည် ယခု အကြိမ် ကုန်စည်ပြပွဲတွင် ပါဝင် ပြသပြီး စံချိန်သစ် တင်နိုင်ခဲ့သည်။ ယင်းကိန်းဂဏန်းများ သည် တရုတ် ဈေးကွက်နှင့် ကုန်စည်ပြပွဲ၏ ဆွဲဆောင်မှုကို သက်သေပြနေသည်။
တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ၂၀၁၈ခုနှစ်မှစ၍ ယခုနှစ် အထိ နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခုတွင် တရုတ် နိုင်ငံ အနေနှင့် ဖွံ့ဖြိုးတိုးတက်ရေး အနေအထားသစ် တည်ဆောက်ရန် ပြတင်းပေါက်၊ အဆင့်မြင့် တံခါးဖွင့်မှု ဖော်ဆောင်ရန် ပလက်ဖောင်းနှင့် တစ်ကမ္ဘာလုံး အတူမျှဝေကြသော နိုင်ငံတကာ အများပြည်သူသုံး ကုန်ပစ္စည်း ဖြစ်လာသည်။ သက်ဆိုင်ရာ စာရင်းအရ ပထမအကြိမ် ပြပွဲမှ ဆဋ္ဌမ အကြိမ် ပြပွဲ အထိ ပြပွဲများတွင် ထုတ်ကုန်ပစ္စည်းသစ်၊ နည်းပညာသစ်နှင့် ဝန်ဆောင်မှုသစ် ၂၅၀၀ခန့်ကို ပထမဆုံး အကြိမ် မိတ်ဆက်ပေးခဲ့ပြီး စုစုပေါင်း ရောင်းဝယ်မှု ပမာဏမှာ ကန်ဒေါ်လာ ဘီလီယံ ၄၂၀ကျော် ရှိကြောင်း သိရသည်။ ယင်းသည် နိုင်ငံတကာ ကုမ္ပဏီကြီးများ အတွက် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ များစွာ ဖန်တီးပေးခဲ့သည်။
ယခုအကြိမ် ကုန်စည်ပြပွဲတွင် ထုတ်ကုန်ပစ္စည်းသစ်၊ နည်းပညာသစ်နှင့် ဝန်ဆောင်မှု သစ် ၄၀၀ကျော်ကို မိတ်ဆက်ပေးမည် ဖြစ်ပြီး ပစ္စည်းသစ် သီးသန့်ပြသဇုန်ကို ထားရှိမည် ဖြစ်သည်။ ထို့အပြင် တရုတ် နိုင်ငံသည် စနစ်ဆိုင်ရာ တံခါးဖွင့်မှုကို တစ်ဆင့် တိုးချဲ့ ဆောင်ရွက်ရေး၊ နိုင်ငံတကာ စံနှုန်းမြင့် စီးပွားကုန်သွယ်ရေး စည်းမျဉ်း ဥပဒေများနှင့် ချိတ်ဆက်မှု တက်ကြွစွာ ပြုလုပ်ရေး စသည့် တံခါးဖွင့်မှု ဆောင်ရွက်ချက်များကို ကျင့်သုံးပြီး အတိုင်းအတာ အလွန် ကြီးမားသည့် ဈေးကွက်ကို တစ်ဆင့်တိုး တံခါးဖွင့်ကာ တရုတ် ဈေးကွက်ကြီးကို ကမ္ဘာ အတွက် အခွင့်အလမ်းကြီး အဖြစ် ပြောင်းလဲစေရန် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်သည်။
ပထမဆုံး အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ မှစ၍ ပြပွဲသည် ပြခန်းနေရာ တည်ဆောက်ရေးနှင့် ပြသမည့် ပစ္စည်းများ သယ်ယူပို့ဆောင်ရေး စသည့် နယ်ပယ်များတွင် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံများ အတွက် အဆင်ပြေမှုများ ပံ့ပိုးပေးသည်။ ယခုအကြိမ် ပြပွဲတွင် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံ ၃၇နိုင်ငံအား ပြပွဲ ပါဝင်ရန် ထောက်ပံ့မှု ပေးခဲ့သည်။ ယင်းသည် ပိုမိုများပြားသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများကို အားလုံးပါဝင်ပြီး အကျိုး ရရှိနိုင်သည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းတွင် ပါဝင်စေနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုးရလဒ်များကို နိုင်ငံ အသီးသီးမှ ပြည်သူများအား ပိုမို တရားမျှတစွာ အကျိုးရရှိခံစားစေနိုင်သည်။
“ခေတ်သစ်တွင် အနာဂတ်ကို အတူ မျှဝေ”သည် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ် ဖြစ်ပြီး ကမ္ဘာ အပေါ် တရုတ် နိုင်ငံ၏ ကတိပြုချက်လည်း ဖြစ်သည်။ တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်မှုနှင့် ကမ္ဘာနှင့် အခွင့်အလမ်းများကို အတူမျှဝေသည့် စိတ်ရင်း စေတနာတို့သည် ကုန်စည်ပြပွဲ၏ ပြောင်းလဲမည် မဟုတ်သော အရာများ ဖြစ်သည်။