လီချန်သည် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်

(GMT+08:00)2024-11-06 16:10:13  

အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပလျက်ရှိပါသည်။ အစည်းအဝေးကို တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန် တက်ရောက်ပြီး ကြီးမှူးကျင်းပမှာ ဖြစ်ပါသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် ဖြစ်သည့် မဲခေါင်မြစ်ဝှမ်းဒေသ ငါးနိုင်ငံမှ အကြီးအကဲများနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ တို့ ဖိတ်ကြားချက်အရ တက်ရောက်ကြပါသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်က “ဆန်းသစ်တီထွင်မှုရှိစွာ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်၍ သာယာလှပသော အသိုက်အမြုံ အတူ တည်ဆောက်ရေး” ဖြစ်ပါသည်။

GMS ယန္တရားကို ထူထောင်ခဲ့သည့် နှစ် ၃၀ ကျော်အတွင်း တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် အဖွဲ့ဝင် ခြောက်နိုင်ငံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် စီးပွားရေး၊ လူမှုရေး ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း အသိုက်အဝန်း တည်ဆောက်မှုကို တက်တက်ကြွကြွ တွန်းအားပေးခဲ့ပြီး ခြောက်နိုင်ငံမှ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ပါသည်။ လက်ရှိမှာ ကမ္ဘာကြီး  နာလန်ပြန်ထူ လာရန် အားနည်းနေပြီး၊ ပထဝီနိုင်ငံရေး မတည်မငြိမ် ဖြစ်နေသော အခြေအနေတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောမှုကို အာရုံစိုက်ရန် လိုအပ်လာမှုများ ပိုမို သိသာထင်ရှားလာပါသည်။ တရုတ်နိုင်ငံသည် ယခုအကြိမ် ထိပ်သီးအစည်းအဝေးမှတစ်ဆင့် သက်ဆိုင်သူအားလုံးနှင့် နက်နက်ရှိုင်းရှိုင်း ကူးလူးဖလှယ်ရန်၊ တံခါးဖွင့်မှု၊ ဆန်းသစ်တီထွင်မှု၊ ပေါင်းစည်းချိတ်ဆက်မှု၊  အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ဟူသော အဓိက စကားလုံး လေးလုံးကို အခြေခံပြီး ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် အဓိကနယ်ပယ်များ၏ ပူးပေါင်းဆောင်ရွက်မှုများမှ တိုးတက်မှုအသစ်များ ရရှိနိုင်ရန်၊ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်နိုင်ရေးအတွက် ပိုမိုအကျိုးပြုနိုင်ရန် မျှော်လင့်ပါသည်။