သဘာဝအလှတရားများနှင့် ရှေးဟောင်းယဉ်ကျေးမှုများတည်ရှိသည့် ကွေ့ယန်းမြို့မှ ချန်လင်းတောင်ပန်းခြံ

(GMT+08:00)2024-11-04 10:07:24  

Guizhou ပြည်နယ်၏မြို့တော် Guiyang တွင်တည်ရှိသည့် ချန်လင်းတောင်ပန်းခြံသည် သဘာဝ အလှတရားများ၊ ယဉ်ကျေးမှုအထင်ကရနေရာများနှင့် သမိုင်းဝင်နေရာများ ပေါင်းစပ်ထားသည့် ရင်သပ်ရှုမောဖွယ် မြို့ပြပန်းခြံတစ်ခု ဖြစ်သည်။ စိမ်းလန်းစိုပြေသည့် သစ်တောရှုခင်းများနှင့် တောရိုင်းတိရစ္ဆာန်များ ပေါများခြင်းတို့ကြောင့် လူသိများသည့် ပန်းခြံတစ်ခုဖြစ်ကာ သစ်တော ဧရိယာများစွာ လွမ်းခြုံထားပြီး အေးချမ်းစွာအနားယူအပန်းဖြေနိုင်မှုကို ပေးစွမ်းသည့် မြို့လယ်ခေါင် ပန်းခြံကြီးဖြစ်သည်။ ချန်လင်းတောင်ပန်းခြံသို့ လာရောက်လည်ပတ်သူများအနေဖြင့် အဆိုပါတောင်သို့ ကိုယ်တိုင်လမ်းလျှောက် တက်ရောက်နိုင်သလို Cable Car ဖြင့်လည်း တက်ရောက်နိုင်မှာဖြစ်သည်။ သဘာဝအလှတရားများစွာတည်ရှိပြီး လှပသောရှုခင်းများနှင့် လန်းဆန်းတက်ကြွသည့် သဘာဝမြင်ကွင်းများကို ပေးစွမ်းလျက်ရှိသည့် အဆိုပါပန်းခြံသည် ကွေ့ယန်းမြို့၌ တောင်တက်ရန်အတွက် ရေပန်းစားသည့် နေရာတစ်ခုဖြစ်သည်။

ယဉ်ကျေးမှုအမွေအနှစ်များကို ကြည့်မယ်ဆိုရင် ချန်လင်းတောင်ရှိ Hongfu ဘုရားကျောင်းသည် တောင်စောင်းပေါ်တွင်တည်ရှိကာ ယဉ်ကျေးမှုအမွေအနှစ်များစွာကြွယ်ဝသည့် ရှေးဟောင်း ဗုဒ္ဓဘာသာဘုရားကျောင်း တစ်ကျောင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် ချင်မင်းဆက်ခေတ် ၁၇ ရာစု အစောပိုင်းက တည်ဆောက်ခဲ့သည့် ဘုရားကျောင်းဖြစ်ကာ ရှေးဟောင်းဗိသုကာလက်ရာ အများအပြားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါ Hongfu ဘုရားကျောင်းသည် သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများနှင့်အတူ ရာစုနှစ်ပေါင်းများစွာ ဗုဒ္ဓဘာသာကိုးကွယ်မှုနှင့် ပညာရေးအတွက် အရေးပါသည့်‌နေရာတစ်ခုဖြစ်ခဲ့သည်။ ဘုရားကျောင်းအတွင်း ရှေးဟောင်း ကျမ်းဂန်များ၊ ရုပ်ပွားတော်များနှင့် လက်ရေးလှရေးချယ်မှုများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြားတည်ရှိရာ နေရာတစ်ခုလည်းဖြစ်သည်။

ချန်လင်းတောင်ပန်းခြံသို့ လာရောက်လည်ပတ်သူများအနေဖြင့် လှော်တက်လှေစီးခြင်း၊ ငါးစာကျွေးခြင်း၊ ကျန်းမာရေးအရ အားကစားပြုလုပ်နိုင်ခြင်း သီချင်းသီဆိုကပြခြင်းများကို ပြုလုပ်နိုင်ကြသည်။ သာယာလှပသည့် သဘာဝပတ်ဝန်းကျင်ကို ဖြတ်သန်းကာ ပန်းခြံအတွင်းရှိ လှပသော ရေကန်၊ ရေတံခွန်၊ စမ်းချောင်း၊ ဝါးပင်များ၊ အမြဲစိမ်းသစ်တောများကို ကြည့်ရှုရင်း လတ်ဆတ်သည့်လေကိုရှုရှိုက်ကာ တောတောင်ရေမြေ သဘာဝအလှတရားကို ကိုယ်တိုင် အေးချမ်းစွာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါသည်။ ပန်းခြံ၏ထူးခြားသည့် ဆွဲဆောင်မှုများမှတစ်ခုဖြစ်သည့်  Monkey Hill သည် တောရိုင်း တိရစ္ဆာန်မျောက်များ ကျက်စားနေထိုင်ရာ နေရာတစ်ခုဖြစ်ပြီး ပန်းခြံအတွင်း အပန်းဖြေ လမ်းလျှောက်ကာ မျောက်များကို အနီးကပ်ကြည့်ရှုနိုင်မှာလည်းဖြစ်သည်။ မျောက်များသည် အလွန်သိချင်စိတ်ရှိပြီး အစာဖမ်းရန် ကြိုးစားနိုင်သည့်အတွက် လာရောက်သည့် ခရီးသွားများအနေဖြင့် မျောက်များနှင့်ထိတွေ့ဆက်ဆံနိုင်သော်လည်း သတိပြုရမှာဖြစ်သည်။ ထို့နောက်ပန်းခြံအတွင်း အသေးစားတိရစ္ဆာန်ရုံတစ်ခုကို တည်ဆောက်ထားပြီး ကျား၊ ငှက်မျိုးစိတ်ကွဲများ၊ မျောက်မျိုးစိတ်ကွဲများနှင့် တရုတ်နိုင်ငံ၏ ရတနာလို့တင်စားထားသည့် ပန်ဒါဝက်ဝံများကို အခဲမဲ့ကြည့်ရှုနိုင်မှာဖြစ်သည်။

ချန်လင်းတောင်ပန်းခြံအတွင်း အပန်းဖြေအနားယူရင်း ပန်းခြံအတွင်း ဖွင့်လှစ်ထားသည့်အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ တရုတ်ရိုးရာ လက်ဖက်ရည်ဆိုင်များနှင့် ရိုးရာအစားအသောက်များကို မြည်းစမ်း စားကြည့်နိုင်သလို ဒေသထွက် ဆေးဖက်ဝင်သစ်ဥသစ်ဖုများကိုလည်း ဝယ်ယူနိုင်သည်။ ပန်းခြံသည် သဘာဝအလှနှင့် ယဉ်ကျေးမှုများ တည်ရှိသည့်အတွက်ကြောင့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူများအတွက် ရေးပန်းစားရာ နေရာဖြစ်ပြီး ချန်လင်းတောင်ထိပ်မှနေ၍ ကွေ့ယန်းမြို့၏ လှပသည့်ရှုမျှော်ခင်းများကို မှတ်တမ်းတင်ရိုက်ကူးနိုင်မှာဖြစ်သည်။

ထို့ကြောင့် သဘာဝအလှတရားနှင့်လှပသောရှုခင်းများတည်ရှိခြင်း၊ စိတ်လက်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ခြင်း၊ ဒေသ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတို့ကို နက်ရှိုင်းစွာ ချိတ်ဆက်နေခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများတည်ရှိခြင်း၊ ဒေသယဉ်ကျေးမှု အကြောင်းနှင့် တရုတ်နိုင်ငံ၏ ရှေးဟောင်းသမိုင်းကို လေ့လာနိုင်ခြင်းတို့ကြောင့် ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်းမြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအနေဖြင့် မဖြစ်မနေသွားရောက် လည်ပတ်သင့်သည့် နေရာတစ်ခုပင်ဖြစ်ပါသည်။

ဝေယံ(သုတေသန)