ရှီကျင့်ဖိန်သည် စလိုဗာကီးယား နိုင်ငံ ဝန်ကြီးချုပ် Robert Ficoနှင့် တွေ့ဆုံ

(GMT+08:00)2024-11-02 12:35:41  

ယခုလ ၁ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် တရားဝင် အလည်အပတ် ရောက်ရှိလာသော စလိုဗာကီးယား နိုင်ငံ ဝန်ကြီးချုပ် Robert Ficoနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-စလိုဗာကီးယား နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၇၅နှစ် အတွင်း တရုတ်-စလိုဗာကီးယား ချစ်ကြည်ရေး အစဉ်အလာသည် ရှင်သန်မှု အပြည့်အဝ ရှိပြီး နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး အောင်ကျိုးရလဒ် များစွာ ရရှိကာ နှစ်နိုင်ငံ ပြည်သူများအား လက်တွေ့ကျကျ အကျိုးခံစား ရရှိစေခဲ့ကြောင်း၊ တရုတ်-စလိုဗာကီးယား ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အဖြစ်သို့ အဆင့်တိုးမြှင့်မည်ဟု မိမိတို့မှ ဆုံးဖြတ်ကြခြင်းသည် အနာဂတ်တွင် နှစ်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်နှင့် ကိုက်ညီပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် အားကောင်းသော တွန်းအားသစ်များကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် စလိုဗာကီးယားနှင့် အတူ တရုတ်-စလိုဗာကီးယား ဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပြီး ပိုမို မြင့်မားသည့် အဆင့်သို့ တိုးမြှင့်ရန် လက်တွဲ ကြိုးပမ်းလိုကြောင်း ပြောကြားခဲ့သည်။

Ficoက စလိုဗာကီးယား နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ခိုင်မာပြတ်သားစွာ ကျင့်သုံး ဆောင်ရွက်ကြောင်း၊ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံနှင့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရေး အပေါ် စလိုဗာကီးယား နိုင်ငံ၏ မြင့်မားသော အလေးထားခြင်းနှင့် တက်ကြွသော လိုအင်ဆန္ဒကို ဖော်ပြရန် ဖြစ်ကြောင်း၊ စလိုဗာကီးယား နိုင်ငံသည် နှစ်နိုင်ငံ အကြား ဝန်ထမ်းများ သွားလာမှုကို အဆင်ပြေစေရန်နှင့် အပြန်အလှန် သိရှိနားလည်မှု တိုးပွားစေရန် အားပေးထောက်ခံပြီး ပိုမိုများပြားသည့် တရုတ် လုပ်ငန်းကုမ္ပဏီများအား စလိုဗာကီးယားသို့ လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ကာ စွမ်းအင်သစ်နှင့် အခြေခံ အဆောက်အအုံ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့် ပြုလုပ်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် နှစ်နိုင်ငံတို့သည် “တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် စလိုဗတ် သမ္မတ နိုင်ငံတို့ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်”ကို ထုတ်ပြန်ခဲ့ကြသည်။