ကင်ဂျုံအန်းသည် တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုပြီး မြောက်ကိုရီးယားသည် မိမိ၏ နျူကလီးယား လက်နက်အင်အား ပိုမိုအားကောင်းစေရေး လမ်းကြောင်းကို ပြောင်းလဲမည်မဟုတ်ဟု ဆို

(GMT+08:00)2024-10-31 14:54:36  

ဒေသစံတော်ချိန် အောက်တိုဘာလ ၃၁ ရက်နေ့က မြောက်ကိုရီးယား အလုပ်သမားပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းက မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် ပစ်လွှတ်ခြင်းသည် ရန်သူများအား တုံ့ပြန်ခြင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အင်အား ပိုမိုအားကောင်းစေရန် ဆုံးဖြတ်ချက်သည် ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ယခုလ ၃၁ ရက်နေ့တွင် မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးဌာနချုပ်က ယခုလ၃၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က မြောက်ကိုရီးယားသည် ပြုံယမ်းမှ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင်သို့ ပဲ့ထိန်း ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း၊ ယင်း ဒုံးကျည်သည် အမြင့်ထောင့်မှ ပစ်လွှတ်သော တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် ဖြစ်သည်ဟု ခန့်မှန်းထားကြောင်း၊ ယင်း ဒုံးကျည်၏ ပျံသန်းမှုမှာ အမြင့် ကီလိုမီတာ ၇၀၀၀ ခန့်ရှိပြီး ကီလိုမီတာ ၁၀၀၀ အကွာတွင် ပျံသန်းပြီးနောက် ဂျပန်နိုင်ငံ၏ သီးသန့် စီးပွားရေးဇုန် အပြင်ဘက်တွင် ကျခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းဒုံးကျည်၏ ပျံသန်းချိန်မှာ ၈၆ မိနစ်ခန့် ရှိပြီး မြောက်ကိုရီးယားမှ ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်များထဲတွင် ပျံသန်းချိန် အရှည်ကြာဆုံး ပင်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးဌာနချုပ်က ဂျပန်ဘက်မှ အချက် အလက်များကို ကိုးကား၍ ဖော်ပြထားသည်။