ခရီးသွားများအား ဆွဲဆောင်ရာ Xijiang မြောင်ရွာ

(GMT+08:00)2024-10-30 11:29:02  

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် တည်ရှိသည့်  Xijiang မြောင်ရွာသည် ကမ္ဘာပေါ်တွင် အကြီးဆုံး‌လူမျိုးစုများထဲမှ တစ်ခုအဖြစ် ကျော်ကြားသည်။ ပြည်နယ်မြို့တော် ကွေ့ယန်းမြို့မှ ကီလိုမီတာ ၂၀၀ အကွာတွင်တည်ရှိကာ ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်ရန်အကောင်းဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ထားသည့် နေရာတစ်ခုဖြစ်သည်။ ရှုခင်းသာ တောင်ချိုင့်ဝှမ်းအတွင်းတည်ရှိသည့်  မြောင်ရွာသည် ကြွယ်ဝသော ယဉ်ကျေးမှုအတွေ့အကြုံများကို ပေးစွမ်းပြီး ရိုးရာလူနေမှုပုံစံ၊ ဗိသုကာပညာနှင့်  ဓလေ့ထုံးတမ်းများကို နှစ်ခြိုက်သည့် ခရီးသွားများကို ဆွဲဆောင်ထားလျက်ရှိသည်။ အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိသည့် သမိုင်းဝင်၊ ယဉ်ကျေးမှုနှင့် သဘာဝဆွဲဆောင်မှု များကို ပေါင်းစပ်ပေးထားသည့် Xijiang မြောင်ရွာသည် ခရီးသွားလုပ်ငန်း သိသိသာသာတိုးတက်လာခဲ့သည်။

Xijiang မြောင်ရွာကို မြောင်ယဉ်ကျေးမှုပြတိုက်အဖြစ် မကြာခဏဖော်ပြလေ့ရှိပြီး လာရောက်သည့် ခရီးသွား ဧည့်သည်များကို မြောင်ရိုးရာအဝတ်အထည်များ၊ လက်ရာမြောက်သည့် ငွေရောင်လက်ဝတ်ရတနာများ ဝတ်ဆင်ကာ ရိုးရာအကများဖြင့် တက်ကြွစွာကြိုဆိုကြသည်။ မြောင်လူမျိုးများသည် တစ်နှစ်ပတ်လုံး ပွဲတော်များစွာကို ကျင်းပကြပြီး မြောင်နှစ်သစ်ကူးသည် ထူးခြားချက်တစ်ခုဖြစ်သည်။ အဆိုပါပွဲတော်များအတွင်း ခရီးသွားများအနေဖြင့် ဝါးပိုက်တီး မှုတ်ခြင်းနှင့် မြောင်ယဉ်ကျေးမှုအကအလှများတွင် ထင်ရှားကျော်ကြားသည့် “Lusheng Dance” အပါအဝင် ယဉ်ကျေးမှုဖျော်ဖြေပွဲများကို ကြည့်ရှုနိုင်သည်။

မြောင်ရွာ၏ ထူးခြားသည့်ဗိသုကာသည် တောင်ကုန်းမြေမျက်နှာသွင်ပြင်နှင့်လိုက်လျောညီထွေအောင် တည်ဆောက် ထားသည့် "Diaojiaolou" ဟုလူသိများကာ ၎င်းတို့၏ရိုးရာသစ်သားအုတ်တံတိုင်းအိမ်များ ဆောက်လုပ်နေထိုင် ကြသည်။ ယင်းအဆောက်အဦများသည် ဒေသ၌စိုစွတ်ပြီး မကြာခဏ မိုးရွာတတ်သည့် ရာသီဥတုကို ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းထုတ်တည်ဆောက်ထားသည့်အတွက် မြောင်လူမျိုးတို့၏ ဗိသုကာပညာသည်လည်း ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ရွာအတွင်း လမ်းလျှောက်ခရီးထွက်ကာ  ခေတ်နှင့်လိုက်လျောညီထွေရှိသည့် သမိုင်းဝင်ကျက်သရေကို ထိန်းသိမ်း ဆောက်လုပ်ထားသည့် မြောင်တိုင်းရင်းသားတို့၏ အနုစိတ်လက်ရာ အိမ်များကိုကြည့်ရှုလေ့လာနိုင်သည်။ ညပိုင်းအချိန်တွင် ရွာလုံးကျွတ် မီးများထွန်းလင်းကာ ညအချိန်ကောင်းကင်ယံနှင့် ဆန့်ကျင်သည့် သစ်သားဆင့်တန်း အဆောက်အအုံများကို ရင်သပ်ရှုမောဖွယ် မြင်ကွင်းများအဖြစ် ဖန်တီးထားသည်ကို တွေ့မြင်ခံစားနိုင်သည်။

သဘာဝရှုခင်းများနှင့် Xijiang မြောင်ရွာသည် စိမ်းလန်းစိုပြေသည့် တောတောင်များ၊ စပါးခင်းများနှင့် သဘာဝ အတိုင်းစီးဆင်းနေသည့် မြစ်များဖြင့်ဝန်းရံထားသည်။ သဘာဝတရားကိုနှစ်သက်သူများအနေဖြင့် ယင်းဒေသ၏ ရင်သပ်ရှုမောဖွယ်ရှုခင်းများဆီသို့ ခေါ်ဆောင်သွားခံရသည့်အတိုင်း ခံစားရပြီး တောင်တက်ရောက်နိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်သည်။ နွေဦးတွင် စိမ်းလန်းစိုပြေကာ ဆောင်းဦးတွင် ရွှေဝါရောင်နှင့် ဆောင်းရာသီတွင် နှင်းဖြူဖွေးဖွေး ရာသီများအလိုက် အရောင်ပြောင်းလဲတတ်သည့် ရွာအနီးတစ်ဝိုက်ရှိ စပါးခင်းများသည် မှတ်တမ်းဓာတ်ပုံ ရိုက်သူများအကြား အထူးပင်ရေပန်းစားသည်။

မြောင်လူမျိုးတို့၏ လက်မှုပညာများဖြစ်သည့် ပန်းထိုးခြင်းနှင့် ငွေထည်လုပ်ငန်းများသည်  လူသိများထင်ရှားသည်။ ခရီးသွားများအနေဖြင့်  မြောင်ရွာသို့လာရောက်လည်ပတ်ရင်း ၎င်းတို့၏ ရိုးရာလက်မှုပညာဖြစ်သည့် အနုစိတ် အထည် အလိပ်များ၊ ပန်ထိုးခြင်းနှင့် ငွေထည်ပစ္စည်းလုပ်ငန်းများ လုပ်ကိုင်သည့် အလုပ်ရုံများသို့ ကိုယ်တိုင်ကိုယ်ကြ လေ့လာနိုင်သလို အနုပညာလက်ရာမြောက်သည့် အဆိုပါပစ္စည်းများကို အမှတ်တရဖြစ် ဝယ်ယူနိုင်သည်။ လက်မှု ပစ္စည်းများကို အမှတ်တရပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသတွင်းစီးပွားရေးကို အထောက် အကူပြုစေပြီး ပန်းထိုးအလုပ်ရုံများနှင့် လက်မှုသရုပ်ပြပွဲများသည် မြောင်လူမျိုးတို့၏ အနုပညာအကြောင်း ပိုမိုလေ့လာလိုသည့် ခရီးသွားဧည့်သည်များအကြား ကျော်ကြားသည်။ လာရောက်လည်ပတ်သည့် ခရီးသွားဧည့် သည်များ အနေဖြင့် မြောင်ရိုးရာ အဝတ်အစားများကို ဝတ်ဆင်ကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနိုင်သည့် ရိုးရာဝတ်စား ဆင်ယင်မှုဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ဆိုင် အများအပြားကို ဖွင့်လှစ်ထားရှိသည်။

Xijiang မြောင်ရွာသို့ရောက်လျှင် အချဉ်၊ အစပ်နှင့် အရသာရှိသည့် မြောင်ရိုးရာအစားအစာများကို မြည်းစမ်း ကြည့်မှသာ ခရီးစဉ်ကပြည့်စုံမည်ဖြစ်သည်။ အထူးဟင်းလျာများဖြစ်သည့် ချဉ်စပ်ငါးဟင်း၊ ကောက်ညှင်းဟင်းလျာများနှင့် အသီးအရွက်ချဉ်များကို ဒေသထွက် ဆန်ဝိုင်နှင့် တွဲဖက်စားသုံးလေ့ရှိသည်။ မြောင်ရွာရှိ ရိုးရာအစားအသောက် များသည် ဒေသတွင်းအရသာကို စိတ်ဝင်စားသူများအတွက် အကောင်းဆုံးအရသာ အတွေ့အကြုံကို ပေးစွမ်းပြီး၊ ရွာရှိ စားသောက်ဆိုင်များစွာတွင် ရိုးရာချက်ပြုတ်နည်းများကို ပြသထားသည်။ စားသောက်ဆိုင်များတွင် လာရောက် စားသုံးသည့် ခရီးသွားဧည့်သည်များကို ရိုးရာ ဆန်ဝိုင်တိုက်၍ ဧည့်ခံကြိုဆိုကြပြီး စားသောက်နေစဉ်အတွင်း ဝါးပိုက်များ တီးမှုတ်၍ သီချင်းဆိုကာ ရိုးရာဆန်ဝိုင်လိုက်လံတိုက်သည့် ဓလေ့သည်လည်း ထူးခြားသည့် မြောင်ရိုးရာ ဓလေ့တစ်ခု ဖြစ်သည်။

ရွာရှိ ရိုးရာတည်းခိုခန်းများသည် ခေတ်မီဟိုတယ်များအထိ တည်းခိုနေထိုင်နိုင်သည့် ပုံစံအမျိုးမျိုးဖြင့် တည်ဆောက်ထားကာ လာရောက်သည့် ခရီးသွားဧည့်သည်များကို သက်တောင့်သက်သာဖြင့် စိတ်ကျေနပ်မှု အပြည့်အဝ တည်းခိုနိုင်စေရန် စီစဉ်ထားသည်။ တည်းခိုခန်းများသည် မိသားစုပိုင်ဖြစ်ကာ ခရီးသွားဧည့်သည်များနေဖြင့် မြောင်မိသားစုများနှင့် နီးကပ်စွာအပြန်အလှန် ထိတွေ့ဆက်ဆံနိုင်ပြီး ၎င်းတို့၏နေ့စဉ်ဘဝအကြောင်းကို လေ့လာ နိုင်သည့် အတွေ့အကြုံကို ရရှိစေမှာဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေးကို မြှင့်တင်ပေးသော်လည်း Xijiang မြောင်ရွာ၏ ရိုးရာလူနေမှုပုံစံနှင့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းရန် တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိနေသည်။ ခရီးသွားများအား ဒေသတွင်း ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရန်နှင့် ရေရှည်တည်တံ့သော ခရီးသွားလာမှု အလေ့အထများကို ပံ့ပိုးပေး ခြင်းဖြင့် ကျေးရွာ၏ ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများကို အနာဂတ်မျိုးဆက်သစ်များအား ဆက်လက်ထိန်းသိမ်း နိုင်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

Xijiang မြောင်ရွာသည် သမိုင်းဝင် ကျက်သရေ၊ ရှုခင်းအလှများနှင့် ယဉ်ကျေးမှု အတွေ့အကြုံများ ပေါင်းစပ်ထားသည့် တရုတ်နိုင်ငံ၏ အတက်ကြွဆုံး တိုင်းရင်းသား ယဉ်ကျေးမှုများထဲမှ တစ်ခုပင်ဖြစ်ပြီး ကြည်နူးရင်သပ်ရှုမောဖွယ်ရာ ခရီးစဉ်တစ်ခုကို ရရှိစေနိုင်သည်။ ထို့ကြောင့် မြောင်ကျေးရွာသည် သဘာဝတရားကိုနှစ်သက်ပြီး ယဉ်ကျေးမှု ကြွယ်ဝသည့် အတွေ့အကြုံများကို ရှာဖွေလျက်ရှိသည့် ခရီးသွားများအတွက် ဆွဲဆောင်ရာ နေရာတစ်ခုပင် ဖြစ်ပါသည်။

ဝေယံ(သုတေသန)